တရုတ်နိုင်ငံရေးလှုပ်ရှားသူကို ထောင်ချတဲ့အပေါ် Amnesty ရှုတ်ချ

  • 23 ဒီဇင်ဘာ 2011
Image caption ကိုယ်ပိုင်အယူအဆကို ရေးတဲ့အပေါ် အပြစ်ပေး ခံ လိုက်ရတာဖြစ်ကြောင်း Amnesty ပြော

တရုတ်နိုင်ငံမှာ နိုင်ငံရေး တက်ကြွလှုပ်ရှား သူ ချန်ဝေကို နိုင်ငံတော် အာဏာကို ထိပါး တဲ့ သွေးထိုးလှုံ့ဆော်မှုနဲ့ အာဏာပိုင်တွေက ထောင်ဒဏ် ၉ နှစ် ချမှတ်လိုက်တဲ့အပေါ် နိုင်ငံ တကာ လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ Amnesty International က ပြစ်တင် ရှုတ်ချ လိုက်ပါတယ်။

၁၉၈၉ ခုနှစ်တုန်းက တီယန်နန်မင် ရင်ပြင်မှာ ဒီမိုကရေစီရေး ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့သူ တဦးဖြစ်တဲ့ အသက် ၄၂ နှစ်အရွယ် မစ္စတာချန်ဟာ သူ့ရဲ့အယူအဆကို ငြိမ်းချမ်းစွာ ထုတ်ဖေါ် ရေးသားလိုက်တဲ့ အပေါ် အပြစ်ပေး ခံလိုက်ရတာ ဖြစ်တယ်လို့ Amnesty International က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ တပါတီစနစ်ကို ပြုပြင်ပြောင်းလဲဖို့နဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ရရေး အတွက် မစ္စတာချန်က အွန်လိုင်းမှာ ဆောင်ပါးတွေ ရေးသား ဖေါ်ပြခဲ့တာ ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းမှာ လူထု လှုပ်ရှားမှုတွေ ဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံမှာ လူထု လှုပ်ရှားမှုတွေ ပေါ်ပေါက်လာရေး လှုံ့ဆော်မှုနဲ့ အစိုးရဆန့်ကျင်သူ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရတဲ့ အထဲမှာ ချန်ဝေ တယောက် အပါအဝင် ဖြစ်ပါတယ်။

စပယ်တော်လှန်ရေးလို့ အမည်တပ် ခေါ်ဝေါ်ကြတဲ့ အဲဒီလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံ နေရတဲ့ သူတွေထဲမှာ သူဟာ ပြစ်ဒဏ် အကြီးဆုံး ချမှတ်ခံရသူလည်း ဖြစ်ပါတယ်။

ချန်ဝေကတော့ အခြေခံဥပဒေပါအခွင့်အရေးအရ သူ့ရဲ့ ရေးသားချက်တွေဟာ ရေးခွင့်ရှိတဲ့ အကြောင်းအရာတွေသာ ဖြစ်တယ်လို့ဆိုပါတယ်။

တရားခွင်မှာ အမိန့်ဖတ်ကြားကြေငြာပြီးချိန်မှာ အာဏာရှင်စနစ်ကျဆုံးရမယ်၊ ဒီမိုကရေစီ အောင်မြင်ရမယ်လို့ ချန်ဝေက ကြွေးကြော်ခဲ့ကြောင်း သူ့ရဲ့ ရှေ့နေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။