ခရစ္စမတ်နေ့ နိုက်ဂျီးရီးယားမှာ ဗုံးတွေကွဲ

  • 25 ဒီဇင်ဘာ 2011
Nigeria ဓာတ်ပုံ မူပိုင် Reuters
Image caption အဘူဂျာမှာ ဗုံးကွဲပြီးနောက် တွေ့ရစဉ်

ခရစ္စမတ်နေ့မှာ နိုက်ဂျီးရီးယား နိုင်ငံက ဘုရားကျောင်းတွေမှာ ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

အဘူဂျာမြို့က ရိုမန် ကက်သလစ် ဘုရား ကျောင်း တကျောင်းမှာ ဒီကနေ့ ခရစ္စမတ်နေ့မှာ ပေါက်ကွဲမှုကြီး တခု ဖြစ်ပွားပြီး ပွဲတော်နေ့ လာရောက် ဝတ်ပြု ဆုတောင်းသူတွေ အပါ အဝင် အတော်များများ သေဆုံး ဒဏ်ရာရ သွားပါတယ်။

အနည်းဆုံး လူဆယ့်ငါးယောက် သေဆုံးတယ်လို့ သိရပါတယ်။

မြို့ထဲက ဆေးရုံက မေထရွန်က အခြေအနေ အတော်ကြီးကို စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ဒီကြားထဲမှာ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ကယ်ဆယ်ရေး ဝန်ထမ်းတွေကိုပါ ရန်လုပ် လာနိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် သူတို့ကို အကာအကွယ် ပေးဖို့ လုံခြုံရေး ဝန်ထမ်း တွေကိုပါ စေလွှတ် ထားရပါတယ်။

တခါ နိုင်ငံအလယ်ပိုင်းက ဂျိုးစ ဆိုတဲ့မြို့က ဘုရားကျောင်းမှာလည်း ပေါက်ကွဲမှု တခု ဖြစ်ပွားပြီး ရဲအရာရှိ တယောက် သေဆုံးခဲ့ပါတယ်။

နောက်ပိုင်းမှာ ပစ်ခတ်မှုတွေလည်း ဆက်ဖြစ်ပွားတယ်လို့ ရဲက ပြောပါတယ်။

ခုရက်ပိုင်းတွေ အတွင်း နိုင်ငံ မြောက်ပိုင်းက အစ္စလာမ် စစ်သွေးကြွ အဖွဲ့နဲ့ အစိုးရ စစ်တပ်တို့ တိုက်ခိုက်ခဲ့တာကြောင့် ခရစ္စမတ်နေ့ ဝတ်ပြု ဆုတောင်းပွဲတွေ ပြုလုပ်ရာမှာ လုံခြုံရေးကို ခါတိုင်းထက် သတိ ဝီရိယ ထားနေရတယ်လို့ ဝတ်ပြု ဆုတောင်းပွဲ စီစဉ် သူတွေက ပြောပါတယ်။

ရောမမြို့ ဗာတီကန် နန်းတော်ကတော့ ခုဗုံးခွဲ တိုက်ခိုက်မှုတွေကို ပြစ်တင် ရှုံ့ချခဲ့ပါတယ်။

အကြမ်းဖက် ခြောက်လှန့် တိုက်ခိုက်မှု တွေဟာ အမုန်းတရားတွေကို ပွားစေမှာသာ ဖြစ်တယ်လို့ ဗာတီကန်က ပြောပါတယ်။