ဘုရားသခင် မွေးဖွားရာ နေရာ မှာ စုဆုံသူ များပြားလာ

  • 25 ဒီဇင်ဘာ 2011
Bethlehem
Image caption ဘက်သလီဟမ် က ခရစ်တော်မွေးဖွားရာ နေရာ က ကျောင်းတော်

တနင်္ဂနွေနေ့က ကျရောက်တဲ့ ခရစ္စမတ်နေ့ မှာ ကမ္ဘာ တဝန်း က ခရစ်ယာန် ဘာသာ ဝင် တွေဟာ ခရစ်တော် ယေရှု မွေးဖွားရာ အရှေ့အလယ်ပိုင်း ဂျော်ဒန်မြစ် အနောက် ဘက်ကမ်း က ဘက်သလီဟမ်မြို့ ကို သွားရောက် ခဲ့ကြ ပါတယ်။

အဲဒီ နေရာ ကို ဒီနှစ် ခရစ်စမတ် ကာလ မှာ လာရောက်တဲ့ ကမ္ဘာလှည့် ခရီးသွား အရေ အတွက် ဟာ ဆယ်နှစ်ကျော် ကာလ အတွင်းမှာ အများဆုံးပဲ လို့ ခန့်မှန်းကြ ပါတယ်။

ခရီးသွားတွေ အဓိက သွားရောက်တဲ့ နေရာ ကတော့ ခရစ်တော် မွေးဖွားရာ နေရာ မှာ တည်ဆောက် ထားတဲ့ ဘုရားရှိခိုးကျောင်း ကို ပဲ ဖြစ်ပါတယ်။

စနေနေ့ တနေ့လုံးမှာ လည်း ဝတ်ပြု ဆုတောင်းပွဲတွေ ကျင်းပခဲ့ပြီး ညပိုင်းမှာ ယေရှု သခင်ရဲ့ ဖွားမြင်ရာ နေရာကို အထိမ်းအမှတ် လုပ်ပြီး ဆောက်လုပ်ထားတဲ့ ကမ္ဘာမှာ ရှေးအကျဆုံး ခရစ်ယာန် ဘုရားကျောင်းမှာ ဝတ်ပြု ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဂျေရုဆလင်မြို့က ခရစ်ယာန် ဘုန်းတော်ကြီးက အရှေ့အလယ်ပိုင်း ဒေသ တခုလုံးမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် ဝိုင်းဝန်း လုပ်ဆောင်ဖို့ ပန်ကြားခဲ့ပါတယ်။