ကင်ဂျုံအွန် ရာထူးဆက်ခံရေး မီဒီယာတွေအသားပေး

  • 26 ဒီဇင်ဘာ 2011
တောင်ကိုရီးယားမှ အမျိုးသမီး၂ယောက် လာရောက်ဂါရဝပြု ဓာတ်ပုံ မူပိုင် BBC World Service
Image caption တောင်ကိုရီးယားမှ အမျိုးသမီး၂ယောက် လာရောက် ဂါရဝပြု

ကွယ်လွန်သူ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ်နေရာကို ဆက်ခံဖို့ သားဖြစ်သူကို မီဒီယာတွေမှာ အလေးပေး ဖေါ်ပြနေပါတယ်။ သူ့ကို ကြီးမြတ်သော အရိုက်အရာ ဆက်ခံသူလို့ ခေါ်ထားတဲ့အပြင် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လည်းလွှဲပြောင်း ပေးထားပါတယ်။

သတင်းစာတစောင်ကဆိုရင် လက်ရှိအာဏာရ အလုပ်သမား ပါတီရဲ့ခေါင်းဆောင် အဖြစ်လည်း ဖေါ်ပြထားပါတယ်။ လောလောဆယ် အထိတော့ ဖခင်ဖြစ်သူတိုင်းပြည်ကို ကြိုးကိုင် အုပ်ချုပ်တဲ့ အမျိုးသား ကာကွယ်ရေး ကော်မရှင် ဥက္ကဌရာထူးကို လက်ခံတာတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် အခုအချိန်ထိတော့ သူ့မှာ နိုင်ငံရေး စစ်ရေးအရ လုပ်ပိုင်ခွင့်တွေ အတော်ရရှိထားပါတယ်။

ကင်ဂျုံအီးလ် ကွယ်လွန်သွားတဲ့အခါ မြောက်ကိုရီးယားနဲ့ဆက်ဆံရေးပြန်ကောင်းအောင် ဒေသတွင်းနိုင်ငံအချို့က ကြိုးပမ်းနေပါတယ်။

တောင်ကိုရီးယားကဆိုရင် ထင်ရှားတဲ့ အမျိုးသမီးနှစ်ယောက်ကို ကင်ဂျုံအီးလ်စျပနမှာ သွားရောက်ဂါရဝပြုဖို့ သွားခွင့်ပြုခဲ့ပါတယ်။ ဒိပြင်ပုဂ္ဂိုလ်တွေကတော့ တက်ရောက်မှာ မဟုတ်ပါဘူး။ ဒါကို မြောက်ကိုရီးယားဘက်ကတော့ သိပ်ကြေနပ်ပုံမရပါဘူး။ ဒါကြောင့် ကိုရီးယားကျွန်းဆွယ် ပုံမှန်ပြန်ဖြစ်ရေးကတော့ သိပ်မျှော်လင့်လို့ မရသေးဘူးလို့ ဆိုးလ်ရှိ ဘီဘီစီ သတင်းထောက်က ပြောထားပါတယ်။