ရှေးရိုးစွဲဝါဒီ ဂျူးတွေရဲ့လုပ်ရပ် ဆန္ဒပြ ရှုတ်ချခံရ

  • 28 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ရှေးရိုးစွဲ ဂျူးဘာသာဝင်တွေ

အစ္စရေးမှာ အမျိုးသား အမျိုးသမီး သက်သက်စီ ခွဲခြားချင်တဲ့ အစွန်းရောက် ရှေးရိုးစွဲ ဂျူး ဘာသာဝင် တွေရဲ့ လုပ်ရပ်တွေကို ထောင်သောင်းချီတဲ့ လူတွေ စုရုံးချီတက် ရှုတ်ချ ခဲ့ကြပါတယ်။

ဂျေရုဆလင်မြို့နားက Beit Shemesh မြို့မှာ ဆန္ဒပြသမား တွေကို အစ္စရေး အတိုက်အခံ ခေါင်းဆောင် Tzipi Livni က မိန့်ခွန်းပြောရာမှာ ဘာသာရေး အစွန်းရောက် ဝါဒီတွေဟာ သူတို့ အမြင် အယူအဆ တွေကို တခြားသူတွေ လက်ခံလာအောင် အတင်းအကျပ် ကြိုးပမ်းမှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ အခုလို ဆန္ဒပြရတာလို့ ဆိုပါတယ်။

မကြာသေးခင်တုန်းက ဘစ် ရှမစ်ရှ်မြို့မှာ အသက်ရှစ်နှစ် အရွယ် မိန်းကလေးကို အစွန်းရောက် ဂျူး အမျိုးသား တစုက လုံလုံခြုံခြုံ ဝတ်စားဆင်မှု မရှိဘူး ဆိုပြီး တံတွေးနဲ့ ထွေး နှောက်ယှက်ခဲ့ တာ ဖြစ်ပါတယ်။

အဲဒီနောက် ကလေးမလေးဟာ အကြောက်လွန်ပြီး အပြင်မထွက်ရဲဘဲ ကျောင်းသွားဖို့ ကြောက်နေခဲ့တဲ့ ဖြစ်ရပ် တခု ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့တုန်းကလည်း ဘစ် ရှမစ်ရှ်မြို့မှာ ဘာသာရေး တင်းမာမှုတွေ ဖြစ်နေကြောင်း သတင်းယူနေတဲ့ ရုပ်မြင်သံကြား အဖွဲ့သားတွေကို အကာအကွယ်ပေးတဲ့ ရဲတွေနဲ့ အစွန်းရောက် ဂျူးတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။