ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့တွေ သုံးမြို့ဆီ ထပ်သွား

  • 29 ဒီဇင်ဘာ 2011
Syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားမှာ ဆန္ဒပြမှုတွေ ဆက်ရှိနေ

ဆီးရီးယား နိုင်ငံမှာ အစိုးရက ဆန္ဒပြ မှုတွေ ကို နှိမ်နှင်း ခဲ့စဉ် အတွင်း အဆိုးဆုံး အကြမ်းဖက် မှုတွေ ဖြစ်ပွား ခဲ့တဲ့ မြို့ကြီး သုံးခုမှာ အာရပ် အဖွဲ့ချုပ် က လေ့လာ စောင့်ကြည့် သူတွေ ရောက်ရှိ နေကြ ပါပြီ။

Derra, Hama နဲ့ Idlib မြို့တွေမှာ ဆီးရီးယား အစိုးရ အနေနဲ့ အကြမ်းဖက် မှုတွေ ကို ဆက်ပြီး လုပ်နေခြင်း ရှိမရှိ သိရအောင် စောင့်ကြည့် လေ့လာရေး အဖွဲ့ တွေဟာ ဆယ်ယောက် တအုပ်စု စီ ခွဲပြီး သုံးရက်မြောက် နေ့အဖြစ် အခြေ အနေကို လေ့လာ နေတာ ဖြစ်ပါတယ်။

အဲဒီထဲက Homs မြို့ရဲ့ မြောက်ပိုင်းမှာ ရှိတဲ့ Hama မြို့မှာ လွန်ခဲ့တဲ့ နှစ်ရက်လုံး ဆန္ဒပြသူ တွေက မြို့လည်ကောင် မှာ လူစုဖို့ ကြိုးစား ခဲ့ကြပြီး လုံခြုံရေး တပ်ဖွဲ့ တွေက မျက်ရည်ယို ဗုံး အပြင် ကျည်ဆံ အစစ် တွေနဲ့ ပစ်ခတ် နှိမ်နှင်း တာကို ခံခဲ့ ရပါတယ်။

အဲဒီ နေရာရဲ့ အနောက် မြောက်ပိုင်း မှာတော့ Idlib ဆိုတဲ့ တူရကီ နယ်စပ်မှာ ရှိတဲ့ မြို့ကို စောင့်ကြည့် လေ့လာ သူတွေ ရောက်နေ ကြပြီး အဲဒီ မှာလည်း အကြမ်းဖက် မှုနဲ့ သေဆုံး မှုတွေ ဖြစ်နေ တယ်လို့ သတင်းတွေ ထွက်နေ ပါတယ်။

တောင်ဖက် မှာတော့ မတ်လ တုန်းက ပြန်လည် တိုက်ခိုက် မှုတွေ ဖြစ်ခဲ့ပြီး အစိုးရက ခြေမှုန်းဖို့ ကြိုးစား ခဲ့တဲ့ ကြားက ဆက်လက် လှုပ်ရှား မှုတွေ ရှိနေတဲ့ Deraa မြို့ဆီကို စောင့်ကြည့် လေ့လာသူ တွေ ရောက်ရှိ နေပါတယ်။

အင်္ဂါနေ့ တုန်းက အဲဒီ နေရာမှာ အစိုးရ ယာဉ်တန်းကို သူပုန်တွေ က ပစ်ခတ် ခဲ့လို့ စစ်သား လေးဦး သေဆုံး ခဲ့ ပါတယ်။

ဆီးရီးယားမှာ အစိုးရကို ဆန္ဒ ပြသူ တွေအပြင်၊ အစိုးရ တပ်ကနေ ဘက်ပြောင်း လာသူ တွေနဲ့ အရပ်သား တွေ ပူးပေါင်း ထားတဲ့ သူပုန်တွေ ရဲ့ လက်နက်ကိုင် လှုပ်ရှား မှုတွေ လည်း ဆက်ပြီး ရှိနေတယ် ဆိုတာကို ဒီအဖြစ် အပျက်က ညွှန်ပြ နေပါတယ်။

အစိုးရ ဆန့်ကျင် သူတွေ ကတော့ စောင့်ကြည့် လေ့လာ သူတွေဟာ သူတို့ အမြင်အရ တကယ် ဖြစ်ပျက် နေတာတွေ ရပ်ဆိုင်း သွားအောင် လုံလောက်တဲ့ ဆောင်ရွက် မှုမျိုး မရှိ ဘူးလို့ ဝေဖန် နေကြ ပါတယ်။

အာရပ် အဖွဲ့ချုပ်က စောင့်ကြည့် လေ့လာ သူတွေဟာ အကြမ်းဖက် မှုတွေ ရပ်ဆိုင်း သွားအောင် တွန်းတွန်း တိုက်တိုက် ဆောင်ရွက်ခြင်း မရှိသလို ဆီးရီးယား အစိုးရကို ပြောရဲ ဆိုရဲလည်း မရှိကြ ဘူးလို့ ဆန္ဒပြ သူတွေနဲ့ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှား သူတွေက ဝေဘန် နေကြ ပါတယ်။