ဘာရိန်း အစိုးရ နှုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုပြန်ပြီ

  • 30 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြ သမားတယောက်ကို ရဲက အတင်းဆွဲထုတ်နေ

ဘာရိန်း နိုင်ငံမှာ လုံခြုံရေး တပ်ဖွဲ့ရဲ့ နှိပ်စက် ညှင်းပမ်းမှုတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ အတွက် အစိုးရ အနေနဲ့ နှုတ်ထွက်ပေးဖို့ ရာထောင်ချီတဲ့ သူတွေ ချီတက် ဆန္ဒပြခဲ့ ကြပါတယ်။

နိုင်ငံမြောက်ပိုင်းက ရှီးယား မွတ်ဆလင် အများစု နေထိုင်ရာ ခရိုင် တခုမှာ ဆန္ဒပြ လူအုပ်တွေကို ဖြိုခွဲဖို့ ရဲတွေက မျက်ရည်ယိုဗုံး သုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

လက်ရှိ အုပ်ချုပ်နေတဲ့ ဆွန်နီ မွတ်ဆလင် ခေါင်းဆောင် တွေ ကို အမေရိကန် အစိုးရက ကျောထောက် နောက်ခံ ပေးထားတဲ့ အတွက် ဆန္ဒပြ လူအုပ်ကြီးက အမေရိကန် အလံတွေ ကိုမီးရှို့ခဲ့ပြီး အမေရိကန် အစိုးရကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ လည်း ဟစ်ကြွေး နေတာကို ရုပ်မြင်သံကြား သတင်းတွေမှာ တွေ့ရပါတယ်။

ဆန္ဒပြသမားတွေ အပေါ် လုံခြုံရေး တပ်ဖွဲ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့ပြီး ဖမ်းဆီး ထိန်းသိမ်း ထားသူတွေကို အပေါ် အင်အား အလွန်အကျွံသုံး ခဲ့တယ်လို့ ပြီးခဲ့တဲ့ လတုန်းက ဘာရိန်း အထူး စုံစမ်းရေး ကော်မရှင်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။