ဆန္ဒပြနေသူ တွေကို ရပ်တန့် သွားအောင် လုံခြုံရေးတပ်ဖွဲ့ တွေက ပစ်ခတ်

  • 30 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption အာရပ် အဖွဲ့ချုပ်က စစ်ဆေးရေးမှူးတွေ

ဆီးရီးယား နိုင်ငံမှာ အကြမ်းဖက်မှုတွေ ရှိမရှိ စောင့်ကြည့် လေ့လာနေတဲ့ အာရပ် အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ရှေ့မှောက်မှာ ဆန္ဒပြနေသူ တွေကို ရပ်တန့် သွားအောင် လုံခြုံရေးတပ်ဖွဲ့ တွေက ပစ်ခတ်ခဲ့ကြတယ်လို့ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဆန္ဒပြမှုတွေ အဓိက ဖြစ်ပွားရာ ဟာမာ့ ၊ ဒရားနဲ့ ဟုမ်းစ်မြို့တွေမှာ လူ၃၅ ယောက် သေဆုံးခဲ့တယ်လို့ ဆန္ဒပြသူတွေကပြောပါတယ်။

ဒမားစကပ်စ်မြို့ ဆင်ခြေဖုံး အရပ်မှာရှိတဲ့ ဗလီတွေကနေ ထွက်လာတဲ့ ထောင်သောင်းချီတဲ့ ဆန္ဒပြသမားတွေနဲ့ လုံခြုံရေး တပ်ဖွဲ့တွေ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါတယ်။

ဆန္ဒပြမှုတွေကို နှိမ်နင်းရာမှာ အစိုးရဟာ သံမှိုဗုံးတွေ အသုံးပြုခဲ့တယ်လို့ အတိုက်အခံအဖွဲ့တခုက ဆိုပါတယ်။

ဆီးရီးယားနိုင်ငံမှာ အစိုးရ နိုင်ငံခြား သတင်းထောက်တွေကို ဝင်ရောက် သတင်းယူခွင့် မပေးတာကြောင့် အတိုက်အခံ တက်ကြွ လှုပ်ရှားသူတွေရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ သီးခြား အတည်ပြုချက် ရယူနိုင်ဖို့ မလွယ်ကူပါဘူး။