ကြက်တုပ်ကွေး ဗိုင်းရပ်စ် စမ်းသပ်မှု WHO သတိပေး

  • 30 ဒီဇင်ဘာ 2011
ဓာတ်ပုံ မူပိုင် AP
Image caption H5N1 ရောဂါပိုး ရှာဖွေ စစ်ဆေးနေသူတွေ

တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သုတေသန လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ သိပ္ပံပညာရှင်တွေက ဒီရောဂါ ပိုးကို ပိုပြီး အလွယ်တကူ ကူးစက် ပြန့်ပွားအောင် ဘယ်လို လုပ်လို့ ရတယ်ဆိုတဲ့ နည်းကို သူတို့တွေ့ရှိထား ပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထုတ်ပြန် ကြေညာလိုက်ပြီးတဲ့နောက် အမေရိကန် အစိုးရက ဒီရှာဖွေ တွေ့ရှိချက်တွေကို မသမာတဲ့ လူတွေလက်ထဲ ရောက်မသွားအောင် အသေးစိတ် မထုတ်ပြန်ပါနဲ့ဆိုပြီး မေတ္တာရပ်ခံခဲ့ပါတယ်။

ကြက်ငှက် တုပ်ကွေးရောဂါဟာ တုပ်ကွေး ရောဂါတွေထဲမှာ ပြင်းထန်ပြီး အန္တရယ် အရှိဆုံးရောဂါတမျိုးဖြစ်ပါတယ်။

ကူးစက်ခံရသူ ဆယ်ဦးမှာ ၆ ဦးလောက်သေဆုံးတတ်ပါတယ်။

ဒါပေမယ့် ဒီရောဂါပိုးဟာ လက်ရှိ ပုံစံအတိုင်း ဆိုရင် လူအချင်းချင်းကြားမှာ မကူးစက်နိုင်တာကြောင့် ကပ်ရောဂါတခု အနေနဲ့တော့ ဖြစ်မလာနိုင်ပါဘူး။

အခုလို သိပ္ပံပညာရှင်တွေက ရောဂါလွယ်လွယ်နဲ့ ကူးစက်စေတတ်တဲ့ H5N1 ဗိုင်းရပ်စ်မျိုးကွဲ တခုကို ရှာတွေ့ပြီလို့ ကြေညာလိုက်တဲ့ အခါမှာ သာမန်အား ဖြင့် စမ်းသပ် တွေ့ရှိမှု အသစ်တွေကို ကြိုဆိုလေ့ရှိတဲ့ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့တောင် အထိတ် တလန့် ဖြစ်သွားပါတယ်။

အများပြည်သူ ကျန်းမာရေးအတွက် လိုအပ်တဲ့ ကာကွယ် ဆောင်ရွက်မှုတွေ မလုပ်ဘဲ H5N1 ရဲ့ပိုပြီးအန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ် မျိုးကွဲတွေကို မဆောင်ရွက်သင့်ဘူးလို့ WHO ပြော ပါတယ်။

ဒါ့အပြင် ဗိုင်းရပ်စ်ပိုးတွေ စမ်းသပ်မှုနဲ့ သတင်းဖလှယ်မှုတွေနဲ့ ပတ်သက်ပြီး စည်းမျဉ်သစ်တွေ ထပ်ထုတ်ဖို့ လိုတယ်လို့လည်း WHO ကဆိုပါတယ်။

အခုနှစ် စောစောပိုင်းတုန်း ကလည်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ဝင် နိုင်ငံ ၁၉၄ နိုင်ငံကြားမှာ ကပ်ရောဂါ ကာကွယ် တိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ခုနောက်ဆုံး WHO ကထွက်လာတဲ့ ကြေညာချက်ကို ကြည့်မယ်ဆိုရင်တော့ ကြက်ငှက်တုပ်ကွေး ရောဂါပိုးသစ်တွေကို စမ်းသပ်နေတဲ့ သိပ္ပံ ပညာရှင်အဖွဲ့ အနေနဲ့ အဲဒီ စည်းကမ်းချက်တွေကို WHO က ဖြစ်စေချင်တဲ့ပုံစံအတိုင်း လိုက်နာခြင်း မရှိဘူးလို့ ရှုမြင်ရကြောင်း ဘီဘီစီသတင်းထောက် က ပြောပါတယ်။