နိုင်ဂျီးရီးယား မှာ အရေးပေါ် အခြေအနေ ကြေငြာ

  • 1 ဇန်နဝါရီ 2012
goodluckjonathan
Image caption နိုင်ဂျီးရီးယား သမ္မတ ဂွတ်လပ် ဂျွန်နသန်

နိုင်ဂျီးရီးယား နိုင်ငံမှာတော့ သမ္မတ ဂွတ်လပ် ဂျွန်နသန်က နိုင်ငံ အတွင်းက ဒေသတချို့ မှာ အရေးပေါ် အခြေအနေ ကြေငြာ လိုက်ပါတယ်။

ဒါကတော့ ခရစ်စမတ်စ် နေ့က အစ္စလာမ်မစ် စစ်သွေးကြွေတွေ က ဗုံးခွဲ တိုက်ခိုက် ခဲ့တာ တွေကြောင့် ဖြစ်ပါတယ်။ ခုချိန်မှာ ပုံမှန် အခြေအနေကို ပြန်ရောက်ဖို့ ထိရောက်တဲ့ အရေးယူ ဆောင်ရွက် မှုတွေ ကို လုပ်ရ မှာ ဖြစ်ကြောင်း သမ္မတ ဂျွန်နသန် က ပြောပါတယ်။ သူက အကြမ်းဖက်မှု တွေနယ် မကျော်ဖို့ အတွက် အဲဒီ ဒေသက ပြည်နယ် တချို့ရဲ့ ဝင်ပေါက် ထွက်ပေါက်တွေကို လဲ ပိတ်ထားဖို့ ပြောလိုက်ပါတယ်။

ဆက်လက်ပြောကြား ရာမှာ တော့ နိုင်ဂျီးရီးယား လူမျိုးတွေ အားလုံး စုပေါင်းလို့ ဒီ အကြမ်းဖက်မှုတွေ ကို နှိမ်နင်းသွား ကြမဲ့ အကြောင်း နဲ့ အားလုံး စုပေါင်းပြီး လုပ်ကြရင် နောက်ဆုံးမှာ နှိမ်နင်းပစ်နိုင် မှာ ဖြစ်ကြောင်းနဲ့ အခု အချိန်က စလို့ နည်းလမ်းသစ်တွေ နဲ့ ဘိုကို ဟာရမ် အဖွဲ့ကို နှိမ်နင်း သွားကြဖို့ လုပ်ကြရမှာ ဖြစ်ကြောင်း ပြောသွား ပါတယ်။

သူက ဒီ ဘိုကို ဟာရမ် အစ္စလာမ်မစ် အဖွဲ့ဟာ နိုင်ဂျီးရီးယား ကို ဖျက်ဆီးဖို့ အတွက် ကင်ဆာ လိုမျိုး လှိုက်စား နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။