US လေယာဉ်တင် သင်္ဘောတွေ ပင်လယ်ကွေ့မှာ မထားဖို့ အီရန်ပြော

  • 4 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန် တိုက်လေယာဉ်တင် စစ်သင်္ဘော

ပင်လယ်ကွေ့ ဒေသအတွင်း သူတို့ရဲ့ လေယာဉ်တင် စစ်သင်္ဘောတွေ မထားဖို့ အီရန်က သတိပေးနေ ပေမယ့် ဆက်ပြီး စစ် သင်္ဘောတွေ စေလွှတ်သွား မှာဘဲလို့ အမေရိကန် ပြောပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် တွေကတည်းက ပင်လယ်ကွေ့ အတွင်းမှာ စစ်သင်္ဘောတွေ စေလွှတ် ထားရှိခဲ့တာ ဖြစ်ပြီး ဒါကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အမေရိကန် စစ်တပ် ပင်တာဂွန် စစ်ဌာနချုပ်က ဆိုပါတယ်။

အီရန် အပေါ် နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုက ထိရောက်တယ် ဆိုတာကို အီရန်ရဲ့ ခြိမ်းခြောက်မှုက ပြနေတယ်လို့ အမေရိကန် အစိုးရ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူလန်က ပြောပါတယ်။

မကြာသေးခင်တုန်းက ပင်လယ်ကွေ့က ထွက်သွားတဲ့အ မေရိကန် စစ်သဘော တစင်း အဲဒီ နေရာကို ပြန်လာခဲ့ရင် အီရန်က အရေးယူမယ်လို့ အစောပိုင်းတုန်းက ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

အီရန်က ဟော်မူဇ် ရေလက်ကြားကို ပိတ်ပစ်နိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေတာကြောင့် နိုင်ငံတကာ စျေးကွက်မှာ ရေနံစိမ်း စျေး သိသိသာသာ ထိုးတက်သွားခဲ့ပါတယ်။

ဟော်မူဇ် ရေလက်ကြားဟာ ပင်လယ်ကွေ့က ထွက်တဲ့ ရေနံတွေ တင်ပို့ရာ အဓိက လမ်းကြောင်း ဖြစ်ပါတယ်။

ဒါ့အပြင် အီရန်ကို ဘဏ္ဍာရေးအရ တင်းတင်းကျပ်ကျပ် ပိတ်ဆို့ အရေးယူဖို့ အမေရိကန်မှာ ဥပဒေ တရပ် အတည်ပြုသလို ပြင်သစ်ကလည်း အီရန်ရဲ့ ရေနံတင်သွင်းမှုကို ပိတ်ထားဖို့ ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားထားပါတယ်။

အီရန်ဟာ ကမ္ဘာရေနံ ထုတ်လုပ်မှုရဲ့ ငါးရာခိုင်နှုန်းလောက် ထွက်ရှိတာ ဖြစ်ပြီး သူ့ကို ပြင်းပြင်းထန်ထန် ပိတ်ဆို့ အရေးယူမှုဟာ ရေနံတင်သွင်းမှုကို ထိခိုက်နိုင်မှာ ဖြစ်ပါတယ်။

ရေနံစျေးနှုန်း မြင့်တက်မှုက ယိုင်နဲ့နေတဲ့ လက်ရှိ ကမ္ဘာ့ စီးပွားရေးကို ပိုပြီး ဆိုးရွားသွား စေနိုင်တယ်လို့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်နေပါတယ်။