တောင်ပိုင်းဆူဒန်က တိုက်ခိုက်မှုတွေကြောင့် လူအများအပြားသေဆုံး

  • 3 ဇန်နဝါရီ 2012
Image caption လူမျိုးစုတွေအကြား ကျွဲနွားတွေ ရယူလိုမှု ပဋိပက္ခနဲ့ စပ်ဆက်ပြီး တိုက်ခိုက်နေကြတာပါ

တောင်ပိုင်း ဆူဒန်နိုင်ငံ အရှေ့ဘက် ဂျွန်ဂလေး ပြည်နယ်မှာ ပြိုင်ဘက် လူမျိုးစုတွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့အတွက် လူအတော်များများ သေဆုံးသွား တယ်လို့ သတင်းတွေ ရရှိပါတယ်။

လူမျိုးစုတွေ အကြား ကျွဲနွားတွေ ရယူလိုမှုနဲ့ ပတ်သက်ပြီး ကြာရှည် ဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့ ဆက်စပ်ပြီး အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ တာပါ။

မကြာသေးခင် ရက်ပိုင်းတွေအတွင်း Lou Nuer လူမျိုးစုတွေဘက်က တိုက်ခိုက်ရေး သမားတွေဟာ Murle လူမျိုးစု ထောင်ပေါင်းများစွာကို အိမ်တွေကနေ မောင်းထုတ်ခဲ့ကြ ပါတယ်။

Murle အမျိုးသမီးတဦး ဘီဘီစီကို ပြောပြရာမှာ - သူ့ရဲ့ဆွေမျိုး အယောက် ၂၀ ဟာ ကန်ဂျန်မြစ် အနီးမှာ ပုန်းအောင်ဖို့ ပီဘိုမြို့ကနေ ထွက်ပြေးသွားရာ ပစ်သတ်ခံလိုက်ရတယ် လို့ ဆိုပါတယ်။

အဲဒီဒေသမှာ ပစ်သတ်ခံလိုက်ရသူအပါအဝင် မြစ်ထဲမှာ ရေနှစ်သတ်ခံရတဲ့ လူပေါင်းဟာ ရာနဲ့ချီ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။