အီရတ်မှာ လူမျိုးစု အကြမ်းဖက်မှုတွေ ဖြစ်ပွား

  • 5 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အီရတ်မှာ လူမျိုးစုတွေအကြား အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပွားလာနေ

အီရတ်နိုင်ငံ တောင်ပိုင်းက လာတဲ့ သတင်းတွေအရ နာဆရီယာမြို့မှာ ရှီအာ ဘုရားဖူးတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဗုံးခွဲတိုက်ခိုက်မှု တခုအတွင်း အနည်းဆုံး လူ ၃၀ဦး သေဆုံးခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့မှာ ဆက်တိုက် ဖြစ်ခဲ့တဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ အတွင်းမှာလည်း အနည်းဆုံး လူ၂၇ဦး သေဆုံးခဲ့ပါတယ်။

ဆင်းရဲသားတွေ နေထိုင်တဲ့ ဆာဒါး စီတီး ရပ်ကွက်အပါအဝင် ရှီအာ မူဆလင် အများစု နေထိုင်တဲ့ ရပ်ကွက်တွေမှာ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သေဆုံးသူတွေ အားလုံးဟာ အရပ်သားတွေ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

လူအတော်များများလည်း ဒဏ်ရာရသွားပါတယ်။

အကြမ်းဖက်မှု စွဲချက်တွေနဲ့ ဆွန်နီ ဒုတိယ သမ္မတကို ဖမ်းဝရမ်း ထုတ်ခဲ့ပြီး အမေရိကန် တပ်ဖွဲ့တွေအားလုံး အီရတ်နိုင်ငံထဲက ထွက်ခွာသွားတဲ့ ဒီဇင်ဘာလကတည်းက စပြီး လူမျိုးစု တင်းမာမှုတွေ၊ အကြမ်းဖက်မှုတွေ သိသိသာသာ တိုးပွားလာခဲ့တယ်လို့ ဘဂ္ဂဒက်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။