တိဗက်မှာ တရုတ် အုပ်ချုပ်မှု ဆန့်ကျင်ရေး ခန္ဓာကိုယ် မီးရှို့ ဆန္ဒပြ

  • 6 ဇန်နဝါရီ 2012
Image caption လှပသာယာတဲ့ တိဗက်ဒေသ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ တိဗက်လူမျိုး ဆန္ဒပြသမား တယောက်ဟာ သူ့ကိုယ့်သူ မီးရှို့ ဆန္ဒပြခဲ့ပါတယ်။

ဒါဟာ ဆယ်လ အတွင်း တရုတ် အာဏာပိုင်တွေကို ၁၃ ယောက်မြောက် မီးရှို့ ဆန္ဒပြတာ ဖြစ်ပါတယ်။

ဆင်ကျွန်း ပြည်နယ်က အာဏာပိုင်တွေနဲ့ မကြာခဏ ပြဿနာ တက်လေ့ရှိတဲ့ Kirti ကာတီ ဘုန်းကြီးကျောင်းနားမှာ အဲဒီ ဆန္ဒပြသမားဟာ သူ့ကိုယ်သူ မီးမရှို့ခင် အဝေးရောက် ခေါင်းဆောင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို ထောက်ခံတဲ့ ကြွေးကြော်သံတွေ ရွတ်ဆိုခဲ့တယ်လို့ တိဗက် လှုပ်ရှားမှုကို ထောက်ခံတဲ့ အဖွဲ့တွေက ပြောပါတယ်။

သူ့ခန္ဒာကိုယ်ပေါ်က လောင်နေတဲ့ မီးတွေကို တရုတ် အရာရှိတွေက ငြိမ်းသတ်ခဲ့ပြီး အဲဒီ လူကိုလည်း တခြားနေရာကို ခေါ်ဆောင်သွားပေမယ့် အဲဒီလူ အသက်ရှင် မရှင် မသိရ သေးပါဘူး။

အဲဒီလို ဖြစ်ပွားခဲ့ပြီးနောက် မကြာခင် အချိန်ပိုင်း အတွင်း အဲဒီ နေရာမှာဘဲ နောက်ထပ် ကိုယ့်ကိုယ်ကို မီးရှို့ ဆန္ဒပြမှု ထပ်ဖြစ်ခဲ့တယ်လို့ အတည်မပြုနိုင်တဲ့ သတင်းတွေလည်း ရရှိပါတယ်။