ယီမင် လွတ်ငြိမ်းချမ်းသာခွင့် အပေါ် UN လူ့အခွင့်အရေး အကြီးအကဲ သတိပေး

  • 6 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ယီမင် သမ္မတ ဆာလေး

ယီမင်နိုင်ငံမှာ သမ္မတ ဆာလေး ရာထူးက ဆင်းပေးမယ့် သဘောတူညီချက်ရဲ့ တစိတ်တပိုင်း အဖြစ် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ လူတွေကို လွတ်ငြိမ်းချမ်းသာခွင့် မပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး နာဗီပီလေးက သတိပေး လိုက်ပါတယ်။

ယီမင် ပါလီမန်မှာ မကြာခင် အချိန်ပိုင်း အတွင်း လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေကို အတည်ပြု တော့မှာ ဖြစ်ပါတယ်။

အပြည်ပြည် ဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တဲ့ လူ ဘယ်သူ တဦးတယောက်ကို မဆို လွတ်ငြိမ်း ချမ်းသာခွင့်တွေနဲ့ အကာအကွယ် မပေးသင့်ဘူးလို့ မစ္စ ပီလေးက ပြောပါတယ်။

အစောပိုင်းတုန်းကလည်း ယီမင်နိုင်ငံမှာ သမ္မတ ဆာလေးကို သူပေးခဲ့တဲ့ ဂတိအတိုင်း လာမယ့် လမှာ ရာထူးက ဆင်းပေးဖို့ ဖိအားပေးတဲ့ အနေနဲ့ ထောင်သောင်းချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ ကြပါတယ်။

သောကြာနေ့ ဝတ်ပြုအပြီး ဒီတပတ် ဆန္ဒပြပွဲမှာ ကြွေးကြော်သံ ကတော့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ သူတွေကို ထိန်းသိမ်းထားရာက ပြန်လွတ်ပေးဖို့ ဖြစ်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းကလည်း သမ္မတ ဆာလေးဟာ အရင်က စီစဉ်ထားတဲ့ အမေရိကန်မှာ ဆေးသွားကုဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့တာကြောင့် သူ့ရဲ့ ရာထူးက နှုတ်ထွက် ပေးမယ်ဆိုတဲ့ ကိစ္စဟာ မရေမရာ ဖြစ်နေခဲ့ ပါတယ်။