အမေရိကန် စစ်ရေးဗျူဟာကို တရုတ်ဝေဖန်

  • 7 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Getty
Image caption အမေရိကန်ဟာ တရုတ်နဲ့ အီရန်တို့ကို ပစ်မှတ်ထား နေတယ်လို့ တရုတ်ပြော

အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေး မဟာဗျူဟာသစ်နဲ့ပတ်သက်ပြီး တရုတ် နိုင်ငံက ဝေဖန်မှုတွေ အပြင်းအထန် ပြုလုပ်လာပါတယ်။

အမေရိကန်ဟာ အရှေ့အာရှမှာ တင်းမာမှုတွေ တိုးပွားလာအောင် ပြဿနာရှာနေတဲ့ နိုင်ငံ ဖြစ်တယ်ဆိုပြီး တရုတ်ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး ယီယန်က စွပ်စွဲပြောကြားထားတဲ့ ဆောင်ပါးတပုဒ်ကို တရုတ်ကွန်မြူနစ် ပါတီ သတင်းစာ တစောင်ရဲ့ ရှေ့မျက်နှာဖုံးမှာ ဖေါ်ပြထားပါတယ်။

အာရှဒေသတွင်း အမေရိကန်ရဲ့ စစ်တပ်ကို တိုးချဲ့မယ်ဆိုတဲ့ သမ္မတ ဘားရတ်အိုဘားမား ရဲ့ ဒီအပတ် ထုတ်ပြန်တဲ့ ကြေညာချက်ဟာ တရုတ်ရဲ့ အီရန်တို့ကို ပစ်မှတ်ထားတာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး ယီယန်က ပြောပါတယ်။

တရုတ်မှာ ရှိတဲ့ ဘီဘီစီသတင်းထောက်ပြောတာကတော့ - ဒီဆောင်ပါးကို အခုလို ပေါ်ပေါ် လွင်လွင် ထုတ်ဝေဖို့အတွက် တရုတ်အစိုးရ ထိပ်တန်းပိုင်းက လုပ်ခိုင်းတာ ဖြစ်ရမယ်လို့ ဆိုပါတယ်။

အမေရိကန်ကတော့ သူတို့ရဲ့ စစ်ရေးဆောင်ရွက်မှုတွေအတွက် တရုတ်အနေနဲ့ ဘာမှာ စိုးရိမ်စရာ မရှိဘူးလို့ ပြောပါတယ်။