ပြုပြင်ပြောင်းလဲမှုတွေ လိုနေသေးလို့ မစ္စတာဟိတ်ပြော

  • 7 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ် မနေ့က ပြီးဆုံးသွားခဲ့ပါပြီ၊ မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာပြီး နောက်ပိုင်း ဒီမိုကရေစီရေး အပြောင်းအလဲတွေ လုပ်နေပြီဆိုတဲ့ ပြောဆိုမှုတွေရှိနေချိန်မှာ မစ္စတာဟိတ် လာရောက်ခဲ့တာဖြစ်ပါတယ်။

မစ္စတာဟိတ်ဟာ သူ့ခရီးစဉ် ပထမနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နဲ့ တွေ့ဆုံခဲ့ပြီး မနေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့အပြီး လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာဟိတ်က အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးမှုတွေ၊ နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးခဲ့တာတွေ၊ မီဒီယာအပေါ် ကန့်သတ်မှုတချို့ လျော့ချပေးခဲ့တာ စတာတွေကို ကြိုဆိုကြောင်း၊ ဒီလို အပြောင်းအလဲတွေကို ထောက်ခံကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ပိုလုပ်ဖို့လိုသေးတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာကြောင့် အခု လုပ်နေတာတွေဟာ မလုံလောက်သေးပါဘူး။ ဒါကြောင့် ဗြိတိသျှအစိုးရနဲ့ ဥရောပမဟာမိတ်တွေအနေနဲ့ မြန်မာဒီမိုကရေစီပြောင်းလဲရေး တွန်းအားပေးကြိုးပမ်းမှုတွေကို အချိန်မကျသေးဘဲလျော့ပေါ့ပေးလို့ မရသေးပါဘူးလို့ မစ္စတာဟိတ်ကပြောခဲ့ပါတယ်။

ဒါကြောင့် ဥရောပသမဂ္ဂရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေ ပြောင်းလဲပေးဖို့ဆိုရင် ဒီလို နိုင်ငံရေးအကျဉ်းသားလွတ်ပေးရေးဟာ အဓိက ကျတယ်။ စစ်မက်ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပိုမိုရရှိအောင် လုပ်ဆောင်ပေးဖို့၊ ဧပြီလမှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွေဟာ ကမ္ဘာတဝှမ်းက လွတ်လပ်ပြီး တရားမျှတတယ်လို့ မြင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင်လုပ်ဖို့လိုတယ်လို့ မစ္စတာဟိတ်ကပြောခဲ့ပါတယ်။

မြန်မာအစိုးရကသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းကို ဆက်သွားမယ်ဆိုရင် ဗြိတိသျှအစိုးရအနေနဲ့ ဆက်ဆံရေးအသစ်ရပ်ကို ကမ်းလှမ်းဖို့ အဆင်သင့်ပါဘဲလို့ ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ်က မြန်မာနိုင်ငံခရီးစဉ်အပြီးမှာ ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂဟာ မြန်မာနိုင်အပေါ် ပိတ်ဆို့အရေးယူထားတာတွေကို ဆက်လုပ်သင့်မသင့် လာမဲ့ ဧပြီလမှာ ဆုံးဖြတ်မှာမို့ ဒါကို မြန်မာအစိုးရအနေနဲ့ ထည့်စဉ်းစားသင့်တယ်လို့လည်း မစ္စတာဟိတ်က ပြောခဲ့ပါတယ်။