အာရပ်နိုင်ငံများအဖွဲ့ချုပ် ဝန်ကြီးတွေ ကိုင်ရိုမှာဆွေးနွေး

  • 8 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption လေ့လာ စောင့်ကြည့်ရေးအဖွဲ့ကို အင်အား တိုးချဲ့ဖို့ အစီအစဉ် ပါဝင်ပါတယ်

အာရပ်နိုင်ငံများ အဖွဲ့ချုပ်က နိုင်ငံခြားရေး ဝန်ကြီးတွေဟာ အဖွဲ့ချုပ်ရဲ့ ဆီးရီးယား လေ့လာစောင့်ကြည့်ရေးအဖွဲ့ လုပ်ငန်း အခြေအနေတွေနဲ့ ပတ်သက်ပြီး ကိုင်ရိုမြို့ မှာ တွေ့ဆုံ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။

အစည်းအဝေး အပြင်ဘက်မှာတော့ ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ အလံတွေဝှေ့ယမ်း၊ ကြွေးကြော်သံတွေ ဟစ်ကြွေးကာ စုရုံး ဆန္ဒပြနေကြပါတယ်။

အစည်းအဝေး အစီအစဉ်တွေထဲမှာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို အင်အားတိုးချဲ့ဖို့နဲ့ ကုလသမဂ္ဂက နည်းပညာ အကူအညီ ပေးနိုင်ခြေရှိတဲ့ ကိစ္စရပ်တွေ ပါဝင်ပါတယ်။

အာရပ်အဖွဲ့ချုပ်ရဲ့ လေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ဆီးရီးယားအတိုက်အခံတွေကတော့ အပြင်းအထန် ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။

အကြောင်းကတော့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အပေါ် ဆီးရီးယား အစိုးရကနေ အကြမ်းဖက် နှိပ်ကွပ်နေမှုတွေ ဆက်လက် လုပ်နေတာကို စောင့်ကြည့်ရေးအဖွဲ့က မတားဆီး နိုင်ဘဲ၊ အစိုးရအပေါ် ဝေဖန်ရှုတ်ချတာတွေတောင် မလုပ်တဲ့ အတွက် ဖြစ်ပါတယ်။

ဆီးရီးယားမှာ အခု နောက်ဆုံးဖြစ်ပွားခဲ့တဲ့ အစိုးရဘက်ကနေ ဘက်ပြောင်းလာသူတွေနဲ့ စစ်တပ်အကြား တိုက်ခိုက်မှုတွေမှာ အစိုးရ စစ်သား ၁၁ ဦး သေဆုံးသွားတယ်လို့ လူ့အခွင့် အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။