ပြင်သစ် သတင်းထောက် သေဆုံးမှု ဖော်ထုတ်ပေးဖို့ တောင်းဆို

  • 12 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အယ်လန် ဂျူပေ

ဆီးရီးယား နိုင်ငံမှာ ပြင်သစ် ရုပ်မြင်သံကြား ဌာနက သတင်းထောက် တယောက် သေဆုံးသွားခဲ့ပြီး ဒါဟာ သမ္မတ အာဆက်ဒ်ကို ဆန့်ကျင် အုံကြွမှုနောက်ပိုင်း ပထမဆုံး အနောက်တိုင်း သတင်းသမား တယောက် သေဆုံးမှု ဖြစ်ပါတယ်။

ဒီသတင်းသမား Gilles Jacquier ဟာ Homs မြို့မှာ သေဆုံးသွားတာ ဖြစ်တယ်လို့ ပြင်သစ် ရုပ်မြင်သံကြား ဌာန France Deux က ပြောပါတယ်။

အစိုးရက လုံခြုံရေး တာဝန်ယူထားတဲ့ ခရီးစဉ်မှာ လိုက်ပါရင်း အမြှောက် ဗုံးဆန်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခံရလို့ မစ္စတာ ဂျက်ကွာ သေဆုံးခဲ့ရတာလို့ မျက်မြင်သက်သေ တယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အပြည့်အဝ စုံစမ်းစစ်ဆေး ဖော်ထုတ်ပေးဖို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Alain Juppe က တောင်းဆို လိုက်ပါတယ်။

ဆီးရီးယား နိုင်ငံမှာ သမ္မတ ဘတ်ရှား အယ် အာဆက် ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ မစ္စတာ အာဆက်ဒ်ရဲ့ တုန့်ပြန်မှုတွေဟာ သွေးအေးအေးနဲ့ အဆိုးမြင် အရွဲ့တိုက်မှုသာ ဖြစ်တယ် ဆိုပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ပြောကြား လိုက်ပါတယ်။

မစ္စတာ အာဆက်ဒ်ဟာ နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တာဝန်ယူ ရမယ့်အစား ဒီမငြိမ်မသက်မှုတွေဟာ ပြည်ပက လျှို့ဝှက် ပူးပေါင်း ကြံစည်မှုတွေကြောင့် ဖြစ်ရတာလို့ အပြစ်တင် နေကြောင်း မစ္စက် ကလင်တန်က ဆိုပါတယ်။

လာမယ့် သီတင်းပတ်မှာ ဆီးရီးယား နိုင်ငံတွင်း ဝင်ရောက် စစ်ဆေးမယ့် အာရပ် အဖွဲ့ချုပ်ရဲ့ စုံစမ်းရေးမှူး တွေလည်း ဆက်ပြီး မသွားသင့်တော့ဘူးလို့ မစ္စက် ကလင်တန်က ထပ်လောင်း ပြောကြား လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကာတာ ဝန်ကြီးချုပ် Sheikh Hamad bin Jassem al Thani

ဝါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စက် ကလင်တန်နဲ့ အတူ ကာတာ ဝန်ကြီးချုပ် Sheikh Hamad bin Jassem al Thani ကလည်း အာရပ် အဖွဲ့ချုပ်ရဲ့ လေ့လာ စုံစမ်းရေး အဖွဲ့ ဆောင်ရွက်ချက်တွေဟာ မအောင်မြင်ဘူးလို့ ဆိုပါတယ်။

အာရပ် ကမ္ဘာနဲ့ နိုင်ငံတက အဖွဲ့အစည်းတွေက ဆီးရီးယားမှာ သတ်ဖြတ်မှုတွေ ရပ်သွားအောင် လုပ်ဖို့ တာဝန်ရှိတယ်လို့ မစ္စတာ သာနီက ပြောပါတယ်။

တခါ ဆီးရီးယား နိုင်ငံ ဒမားစကတ်စ်မြို့မှာ ကျင်းပတဲ့ ထောက်ခံသူ ထောင်သောင်းချီ တက်ရောက်တဲ့ လူထု စုဝေးပွဲ တခုကို သမ္မတ Bashar Assad ရောက်လာခဲ့တာကြောင့် လူတွေ အံ့အားသင့် ခဲ့ရပါတယ်။

အဲဒီ အခမ်းအနားမှာ မစ္စတာ အာဆက်ဒ်ရဲ့ ဇနီး Asma နဲ့ သူတို့ ကလေးတွေပါ တွေ့ရပြီး သူတို့မိသားစု ဆီးရီးယား ကနေ တခြား နိုင်ငံကို ထွက်ခွာသွားကောင်း သွားလိမ့်မယ် ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။