အီရန် သိပ္ပံ ပညာရှင် သတ်ခံရမှု ကန် ရှုံချ

  • 12 ဇန်နဝါရီ 2012
iran
Image caption ဗုံးခွဲ ခံရတဲ့ ကားကို စစ်ဆေးဖို့ ယူဆောင်သွား

အီရန် နယူးကလီးယား သိပ္ပံပညာရှင် တီဟီရန် မြို့က ကားဗုံးခွဲပြီး အသတ် ခံရ မှုကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ရှုံ့ချ လိုက်ပါတယ်။

ဒီသတ်ဖြတ်မှုဟာ အမေရိကန်နဲ့ ဘာမှ မပတ် သက်ဖူးလို့လည်း အမျိုးသား လုံခြုံရေး ကောင်စီ ပြောခွင့်ရ တာဝန်ခံ တော်မီ ဗီယက်တာက ပြောလိုက်ပါတယ်။

အီရန် အစိုးရရဲ့ နတန့်စ နယူးကလီးယား စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ နယူးကလီးယား သိပ္ပံ ပညာရှင် မော်စတာဖာ အဟာမာဒီ ရိုရှန်ဟာ သူ့ ကားထဲမှာ ထိုင်နေတုန်း မော်တော် ဆိုင်ကယ်တစီးက သူ့ကားမှာ ဗုံးကို သံလိုက်နဲ့ ကပ်ပြီး ဖေါက်ခွဲ ခဲ့ရာမှာ ဒရိုင်ဘာနဲ့ အတူ သေဆုံး ခဲ့တာ ဖြစ်တယ်လို့ ဘီဘီစီ အီရန် သတင်းထောက်က ပြောပါတယ်။

ခု သေဆုံးသွားတဲ့ နယူးကလီးယား သိပ္ပံ ပညာရှင်ဟာ အသက် သုံးဆယ့် နှစ်နှစ် အရွယ် တက္ကသိုလ် ကထိက ဖြစ်ပြီး နယူး ကလီးယား စက်ရုံမှာ ဘယ်နေရာမှာ အလုပ် လုပ်သလဲ ဆိုတာ ခုထိ ထုတ် မပြောသေးပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ် ဒီလို အချိန်လောက်ကလည်း နယူး ကလီးယား သိပ္ပံ ပညာရှင် တက္ကသိုလ် ပါမောက္ခ တယောက်နဲ့ လုပ်ကြံ ခံခဲ့ရသလို မနှစ်က ဒီအချိန်မှာ အခုလို ပုံစံမျိုးနဲ့ နောက်ထပ် သိပ္ပံ ပညာရှင် တယောက် လုပ်ကြံ ခံခဲ့ရပါတယ်။

အီရန် အစိုးရကတော့ ဒီလုပ်ကြံ သတ်ဖြတ်မှုတွေဟာ အစ္စရေးနဲ့ အမေရိကန် လက်ချက်လို့ စွပ်စွဲ နေပေမယ့် ကာယကံရှင် တွေကတော့ ငြင်းဆိုနေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပြခဲ့ပါတယ်။

အစ္စရေး အစိုးရက ငြင်းပေမယ့် အစ္စရေး အဆင့်မြင့် အရာရှိ တယောက်ကတော့ ခုလုပ်ကြံ မှုကို လက်စားချေမှု အဖြစ် ဖော်ပြ ပြောဆိုခဲ့ပါတယ်။

အီရန်နဲ့ အနောက် အုပ်စု နိုင်ငံတွေကြား တင်းမာမှု မြင့်မား လာချိန်မှာ ခု သတ်ဖြတ်မှု ဖြစ်ပွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အဏုမြူ စွမ်းအင် အဖွဲ့က အီရန်ဟာ ယူရေနီယံ သန့်စင်မှုတွေကို ပြန်လုပ် နေတယ်လို့ ပြောပြီး အမေရိကန် ကတော့ ဒါဟာ လုံခြုံရေး ကောင်စီရဲ့ ပြဌာန်း ဆုံးဖြတ် ချက်တွေကို ဖောက်ဖျက်တာပဲလို့ မှတ်ချက် ပေးခဲ့ပါတယ်။

ဒါပေမယ့် အီရန်ကို ဒဏ်ခပ် ပိတ်ဆို့မှု ထပ်လုပ်မှာကို တရုတ်နဲ့ ရုရှက ကန့်ကွက် နေတာမို့ နောက်ထပ် ပိတ်ဆို့မှု ထပ်လုပ်စရာ မရှိဘူးလို့ ဘီဘီစီ သတင်းထောက်က ကုလသမဂ္ဂ ဌာနချုပ် ရှိရာ နယူးယောက်ကနေ သတင်း ပေးပို့ ထားပါတယ်။

အီရန်က သူ့ကို ဒဏ်ခပ် ပိတ်ဆို့တာကို လက်တုန့်ပြန်တဲ့ အနေနဲ့ ရေနံ တင်ပို့မှု ရပ်ထားမယ် ဆိုပြီး ချိမ်းခြောက်ခဲ့ပါတယ်။

ဒီအတော အတွင်းမှာ အီရန်ရဲ့ သိပ္ပံ ပညာရှင် တယောက် လုပ်ကြံ သတ်ဖြတ် ခံရတာမို့ အီရန်ဘက်က တစုံတရာ လက်တုန့်ပြန် လုပ်ဆောင်လာဖွယ် ရှိတယ်လို့ ဘီဘီစီ အကဲခပ်က ခန့်မှန်း ထားပါတယ်။