ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ

  • 15 ဇန်နဝါရီ 2012
alain juppe ဓာတ်ပုံ မူပိုင် AP
Image caption ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အာလန်း ယူပေး

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး အာလန်း ယူပေးဟာ စနေနေ့ က မြန်မာ နိုင်ငံကို ရောက်ရှိ လာပါတယ်။

ဒါဟာသမိုင်းမှာ မြန်မာနိုင်ငံကို ပြင်သစ်နိုင်ငံ ဘက်က အဆင့် အမြင့်ဆုံး အရာရှိ တဦးလာ ရောက်မှုလည်း ဖြစ်ပါတယ်။

မစ္စတာ ယူပေးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး၊ နောက် အမျိုးသား ပြန်လည် စည်းလုံး ရေးတွေ အတွက် ပိုမို အရှိန် မြှင့်လို့ လုပ်ဆောင် သွားကြဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာ အာဏာပိုင် တွေကို တိုက်တွန်း သွားမှာ ဖြစ်တယ် လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက ပြီးခဲ့တဲ့ သတင်းပတ် အတွင်း ကပြောပါတယ်။

နောက်ပြီး လာမဲ့ ဧပြီလမှာ ကျင်းပသွား မဲ့ ရွေးကောက်ပွဲ မှာ ဒီမိုကရေစီ နည်းလမ်း ကျကျ ကျင်းပသွား ဖို့ အတွက် ကိုလဲ တွန်းအားပေး သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

စနေနေ့ ကတော့ မစ္စတာယူပေး ဟာ သောကြာ နေ့က ပြန်လွတ် လာခဲ့တဲ့ ကို ကိုကိုကြီး၊ ကိုမြအေး တို့ အပြင် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦး ခွန်ထွန်းဦး တို့နဲ့ ပြင်သစ် သံရုံး မှာ တွေ့ဆုံ ခဲ့ပါတယ်။

မစ္စတာယူပေးဟာ တနင်္ဂနွေနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ သွားမှာ ဖြစ်ပါတယ်။

တနင်္လာနေ့မှာတော့ မစ္စတာယူပေးဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။