အိုဘားမား ပယ်ချချက် ဟားပါး စိတ်ပျက်

  • 19 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အိုဘားမား ပယ်ချချက်ကို စိတ်ပျက်တဲ့ ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟားပါး

ကနေဒါကနေ အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်ကို ကနေဒါ ကုမ္ပဏီ တခုက ကြီးမှူးပြီး ရေနံ ပိုက်လိုင်း အကြီးကြီး တခု ဖောက်လုပ်မယ့် အဆိုပြုချက်ကို သမ္မတ အိုဘားမားက ပယ်ချ လိုက်ပါတယ်။

ကွန်ဂရက် လွှတ်တော်က ပြိုင်ဖက် ရီပါ့ဘလစ်ကန် တွေကို သူက ပြစ်တင် ပြောကြား လိုက်ပြီး ဒီ Keystone XL ပိုက်လိုင်း စီမံကိန်းဟာ စိတ်ချ ဘေးအန္တရယ် ကင်းရှင်း ရဲ့လား ဆိုတာ အစိုးရ အနေနဲ့ စစ်ဆေးနိုင်အောင် လုံလောက်တဲ့ အချိန် မပေးဘဲ ဆုံးဖြတ်ချက် ချဖို့ နောက်ဆုံးရက်ကို သူတို့ဖာသာ ထင်ရာစိုင်း သတ်မှတ် ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ပယ်ချရတာဟာ ဒီစီမံကိန်းရဲ့ အဆိုးအကောင်း အပေါ် ဆုံးဖြတ်မှု ပေးနေတာ မဟုတ်ဘဲ အဆုံးအဖြတ် ပေးဖို့ အချိန် ကန့်သတ်ချက်ကို သူတို့ သဘောနဲ့ သူတို့ သတ်မှတ် ခဲ့လို့ ဖြစ်ကြောင်း သမ္မတ က ပြောပါတယ်။

ကုမ္ပဏီ အနေနဲ့ ခွင့်ပြုချက် ရဖို့ ပြန်ပြီး သုံးသပ်ထားတဲ့ အစီအစဉ်တွေနဲ့ ပြန်လည် လျှောက်ထား နိုင်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ် စတီဖင် ဟားပါး ကတော့ အခုလို ပယ်ချ ခံရတဲ့ သတင်းအတွက် တကယ့်ကို စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။