နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့အပေါ် ပြည်ပက ကြိုဆို

  • 15 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption နိုင်ငံရေးအကျဉ်းသားလွှတ်တာကို နိုင်ငံတွေက ကြိုဆို

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တွေ လွှတ်ပေးလိုက် တဲ့အပေါ်မှာ ဩစတြေးလျ အစိုးရက နွေးထွေးစွာ ကြိုဆို ကြောင်းပြောကြား လိုက်ပါတယ်။

ဒါဟာ မြန်မာ အစိုးရရဲ့ ဒီမိုကရေစီ ရေး ဖော်ဆောင်မှုတွေ အတွက် အရေးကြီးတဲ့ ခြေလှမ်း တရပ် ဖြစ်တယ်လို့ ဩစတြေးလျ ဝန်ကြီး ကယ်ဗင် ရဒ် က ပြောပါတယ်။ မြန်မာ နိုင်ငံမှာ ပြုလုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို ဘယ်လို ဆက်လက် အားပေးသွားရမလဲ ဆိုတာကိုလဲ စဉ်းစား သွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

နောက်ပြီး ဧပြီလ ၁ ရက် နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေး ကောက်ပွဲနဲ့ ပတ်သက်လို့လဲ ဒီရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတ ဖို့ အရေးကြီးကြောင်းနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စောင့်ကြည့်သွား ကြမဲ့ အကြောင်းတွေ ကို ပြောသွား ခဲ့ပါတယ်။

တခါ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ဘဲဒ် ကလဲ ကနေဒါ အနေနဲ့ အခုလို နိုင်ငံရေး အကျဉ်းသား တွေ ၊ ဘာသာရေး နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ စာနယ်ဇင်း သမားတွေကို အစိုးရက လွှတ်ပေးလိုက်တာကို ကြိုဆိုကြောင်း ကြေငြာချက် တရပ်ထုတ်ပြန် လိုက်ပါတယ်။

ဆက်လက်ပြီး ကေအင်ယူနဲ့ အပစ်ရပ် သဘောတူညီ နိုင်ခဲ့တာနဲ့ ဧပြီလ ၁ ရက်မှာ ကြားဖြတ်ရွေး ကောက်ပွဲ ပြုလုပ်မှာတွေကို ကြိုဆိုကြောင်းလဲ ဆိုလိုက်ပါတယ်။ မြန်မာ အစိုးရ လုပ်နေတဲ့ ဒီမိုကရေစီကျတဲ့ ပြောင်းလဲမှုတွေ ကို အားရကြောင်းနဲ့ ဒီကနေ မြန်မာ ပြည်သူတွေ ရဲ့ အနာဂတ် ပိုပြီး ကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း တွေကိုလဲ ပြောလိုက်ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာအစိုးရ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင် လုပ်သလို တုန့်ပြန်သွားဖို့ ပြင်ဆင်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို စနေနေ့က ဖုံးဆက်ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် မြန်မာအစိုးရအနေနဲ့ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ လွှတ်ပေးဖို့ ၊ တိုင်းရင်းသားဒေသတွေက အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို အဆုံးသတ်ဖို့၊ မြောက်ကိုးရီးယားနဲ့ စစ်ရေးဆက်ဆံမှုတွေရပ်ဖို့က နောက်လုပ်ရမယ့် အရေးကြီးတဲ့ ခြေလှမ်းတွေ ဖြစ်တယ်လို့ မစ္စစ်ကလင်တန်က ပြောခဲ့ပါတယ်။

မြန်မာဒီမိုကရေစီ နိုင်ငံရေးအကျဉ်းသားတွေ သောကြာနေ့က လွှတ်ပေးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးကို သံအမတ်အဆင့် တိုးမြှင့်ဆောင်ရွက်မယ်လို့ အမေရိကန်အစိုးရက ကြေငြာခဲ့ပါတယ်။

မစ္စစ်ကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုံးနဲ့ ဆက်သွယ်ပြောဆိုခဲ့ရာမှာ ကြားဖြတ်ရွေးကောက်ပွဲကိစ္စ၊နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။