ဆီးရီးယား သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့် ကြေညာ

  • 15 ဇန်နဝါရီ 2012
syria
Image caption လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ် လို ဆီးရီးယား သမ္မတ က ပြော

ဆီးရီးယား သမ္မတ ဘာရှား အယ် အာဆတ် က မနှစ် က နိုင်ငံတွင်းအုံကြွမှု ဖြစ်ခဲ့တဲ့ အချိန် က စပြီး အခု အချိန် ထိ ကြားကာလ အတွင်းမှာ သူ့ရဲ့ အုပ်ချုပ်မှု ကို ဆန့်ကျင် တဲ့ ရာဇ၀တ်မှု ကျူးလွန်သူတွေ ကို အထွေထွေ လွတ်ငြိမ်း ချမ်းသာ ခွင့်ပြု ကြောင်း ကြေညာ လိုက်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့် ပြုတဲ့ အထဲ မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့သူတွေကော၊ လိုင်စင်မရှိပဲ လက်နက် ကိုင်ခဲ့တဲ့ သူတွေ ကော၊ စစ်တပ် က နေ ထွက်ပြေးသွားသူတွေ ကော အကျုံးဝင်တယ် လို့ ဆီးရီးယား နိုင်ငံပိုင် သတင်း အေဂျင်စီ က အသံလွှင့် ပါတယ်။

အခု သမ္မတ အာဆတ် ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ဟာ ပထမဆုံး အကြိမ် ထုတ်ပြန် တာ လည်း မဟုတ် သလို ဖမ်းထားတဲ့ သူတွေ ပြန်လွတ်လာပြီ လား ဆိုတဲ့ အပေါ် မှာ လည်း ရှင်းရှင်း လင်းလင်း မရှိ သေးပါဘူး။

အခု သမ္မတ ရဲ့ ကြေညာချက် ဟာ အရင် သီတင်းပတ် တုန်း က ကြေညာချက် နဲ့ တော့ ဆန့်ကျင်ဘက် ပဲ လို့ ဒေသတွင်း မှာ ရှိနေတဲ့ ဘီဘီစီ သတင်း ထောက်တဦး ကပြောပါတယ်။

အရင် သီတင်းပတ် မှာတော့ သမ္မတ က သူ့ကို ဆန့်ကျင် နေတဲ့ သူတွေ ကို အကြမ်းဖက် သမား တွေ လို့ စွပ်စွဲထားပြီး အပြီးတိုင် ချေမှုန်းသွားမယ် လို့ ပြောခဲ့ပါတယ်။