ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကင်တားနား မျှော်လင့်

  • 18 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ကင်တားနားနဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့တုန်းက မြန်မာနိုင်ငံမှာ ထင်ရှား လူသိများတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးခဲ့ တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနား ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အများအပြား ကျန်သေးတယ်လို့ ဆိုလိုက်ပြီး အဲဒီ လူတွေကို နောက်ဆုံး အသုတ် အနေနဲ့ အားလုံး လွှတ်ပေးဖို့လည်း တောင်းဆို လိုက်ပါတယ်။

ပြီးခဲ့တဲ့ အသုတ်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးခဲ့တဲ့ အပေါ် မေးရာမှာ မြန်မာ သမ္မတကနေ ထင်ရှားတဲ့ နိုင်ငံရေး လူမှုရေး လှုပ်ရှားသူတွေကို လွှတ်ပေးလိုက်တာဟာ ကောင်းတဲ့ သတင်း ဆိုတာကတော့ အသေအချာပါ ၊ သူတို့ အားလုံးဟာ မတရား ဖမ်းဆီး ချုပ်နှောင် ခံထားရသူတွေ ဖြစ်ပြီး ဒီသတင်း ကြားရတာ ကျွန်တော် ဝမ်းသာပေမဲ့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသား တွေကို လွှတ်ပေးဦးမယ်လို့ ကျနော် မျှော်လင့်တယ်လို့ မစ္စတာ ကင်တားနားက ဆိုပါတယ်။

နောက်ဆုံး အခေါက် မြန်မာနိုင်ငံကို ရောက်တော့ နိုင်ငံရေး အကျဉ်းသား အရေ အတွက် ကိစ္စကို ပြည်ထဲရေး ဝန်ကြီးနဲ့ ဆွေးနွေးခဲ့ပြီး အခု သတင်း အချက်အလက် အပြန်အလှန် ဖလှယ်ဖို့ သဘောတူ ထားကြောင်းနဲ့ အရေ အတွက် အတိအကျကို မသိရသေး ပေမဲ့ နိုင်ငံရေး အကျဉ်းသား အများကြီး ကျန်သေးတယ် ဆိုတဲ့ အချက်ကိုတော့ စိတ်မကောင်းစွာနဲ့ သိထားရတယ်လို့ သူက ပြောပါတယ်။

အမှုတပ် တရားစွဲဆို ထားပုံ အမျိုးမျိုး ပြစ်ဒဏ် အကြီးအသေး အမျိုးမျိုး ကွဲပြားပေမဲ့ ထောင်ထဲမှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသား အများကြီး ကျန်သေးတယ်ဆိုတာ သေချာပြီး ဒီကိစ္စ အတွက်ပဲ ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို သွားဦးမယ်လို့ သူက ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ပြည်သူ လွှတ်တော် ဥက္ကဌ သူရ ရွှေမန်းနဲ့ ကင်တားနား ဆွေးနွေး

အဲဒီ အခါကျရင် ကျန်သေးတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို နောက်ဆုံး အသုတ်အနေနဲ့ အားလုံး တပြိုင်တည်း လွှတ်ပေးဖို့က ပထမ ဦးစားပေး တောင်းဆိုမှာ ဖြစ်ပြီး ချွင်းချက်မရှိ စည်းကမ်း သတ်မှတ်ချက် မရှိ လုံးဝ အကြွင်းမဲ့ လွှတ်ပေးဖို့ ပြောမှာပါလို့ မစ္စတာ ကင်တားနားက ရှင်းပြပါတယ်။

ဒုတိယအချက် အနေနဲ့ ကတော့ လာမယ့် ဧပြီလမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်တော့မှာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်လည်း အဲဒီရွေးကောက်ပွဲမှာ ပါဝင်မှာ ဖြစ်တဲ့ အတွက် အဲဒီ ရွေးကောက်ပွဲကို လွတ်လပ်၊ မျှတပြီး ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ အဖြစ် ကျင်းပပေးဖို့ သူက ပြောဆိုမယ့် အပြင် ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ ရွေးကောက်ပွဲ မှာတုန်းက လွတ်လပ် မျှတမှု မရှိခဲ့တဲ့ အတွက် ဒီတခါမှာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ကြောင်း ထင်ရှား သေချာအောင် ဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းမယ်လို့ ဆိုပါတယ်။

တတိယ ကိစ္စကတော့ အစိုးရနဲ့ တိုင်းရင်းသားတွေ ငြိမ်းချမ်းရေး ဆွေးနွေးကြတဲ့ ကိစ္စကို အလေးထားမှာ ဖြစ်ပြီး အစိုးရဘက်က ဆွေးနွေးပွဲတွေ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေး အတွက် အဖြေရှာတဲ့ လုပ်ဆောင်ချက်မျိုး တွေ့ရတဲ့ အတွက် ကျနော် ကြိုဆိုပေမဲ့ သူတို့ ဆွေးနွေးကြတဲ့ အကြောင်းအရာ တွေထဲမှာ တိုင်းရင်းသား နယ်မြေတွေထဲမှာ ပြီးခဲ့တဲ့ ကာလတလျောက် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ ဆိုတာ စုံစမ်း စစ်ဆေးဖို့နဲ့ မတရား အရေးယူ အပြစ်ပေးတာတွေ နှိပ်စက်တာတွေကို ရပ်တန့်ဖို့ ဆိုတဲ့ ကိစ္စကို ထည့်သွင်း ဆွေးနွေးဖို့ အဖြေရှာဖို့ ပြောမယ်လို့ ဆိုပါတယ်။

Image caption အန်အယ်ဒီ အကြီးအကဲတွေနဲ့ ကင်တားနား

အတိတ်ကာလမှာ တိုင်းရင်းသား အဖွဲ့ အစည်းအများအပြားကို မတရား လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ အများအပြား ရှိခဲ့တဲ့ အတွက် ဘယ်သူတွေ တာဝန်ရှိသလဲ ဆိုတာကို အဖြေရှာဖို့ ထည့်သွင်း ဆွေးနွေးကြဖို့ လိုကြောင်း သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၊ ယုံကြည်ချက် အကျဉ်းသားဆိုတဲ့ စကားဟာ အငြင်းပွားမှုရှိတဲ့ စကားလုံး ဖြစ်ပြီး လက်နက်ကိုင် တော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ ကျောင်းသား တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့က လူတွေကို နိုင်ငံတကာ သတ်မှတ်ချက် အနေနဲ့ နိုင်ငံရေး အကျဉ်းသား ယုံကြည်ချက် အကျဉ်းသားလို့ သတ်မှတ် ပါသလား မေးကြည့်တဲ့ အခါ မစ္စတာ ကင်တားနားက သူတို့ဟာ နိုင်ငံရေး အကျဉ်းသားဆိုတာ သိပ်သေချာပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအရ သူတို့ဟာ နိုင်ငံရေး အကျဉ်းသား ဖြစ်ကြောင်းကိုလည်း အစိုးရကို ကျနော် အကြိမ်ကြိမ် ထောက်ပြခဲ့ပေမယ့် အစိုးရဟာ တချို့ အမှုနဲ့ စွဲဆိုထားတဲ့ အကျဉ်းသား အမျိုးအစားဟာ နိုင်ငံရေး အကျဉ်းသားနဲ့ အကျုံးမဝင်ပါဘူး ဆိုပြီး ငြင်းဆိုနေတာမျိုး ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာလည်း ကျနော်တို့ ဆွေးနွေးရမယ့် ကိစ္စထဲမှာ ပါသလို နိုင်ငံရေး အကျဉ်းသား ဆိုတာဟာ နိုင်ငံတကာ စံသတ်မှတ်ချက် အရ မလွတ်လပ်တဲ့ တရားစီရင်ရေး၊ ဘက်လိုက်မှု မကင်းတဲ့ တရားစီရင်ရေး ပုံစံနဲ့ အပြစ်ဒဏ် ချမှတ်ခံခဲ့ရသူတွေ ၊ လွတ်လပ်မှု အမျိုးမျိုးကို ကန့်သတ် ချုပ်ချယ်ဖို့ ထုတ်ပြန် ထားတဲ့ ဥပဒေတွေနဲ့ တရားစွဲဆို အရေးယူခံရတဲ့သူ၊ လွတ်လပ်မှု freedom တမျိုးမျိုးအတွက် ဆောင်ရွက်ရင်း အပြစ်ပေးခံရသူတွေကို ခေါ်ကြောင်း မစ္စတာ ကင်တားနားက အကျယ်တဝင့် ရှင်းပြခဲ့ ပါတယ်။