တရုတ်မြို့ပြ လူဦးရေ က ကျေးလက် လူဦးရေ ထက်ပိုများလာ

  • 17 ဇန်နဝါရီ 2012
china urban
Image caption မြို့ပြ မှာလည်း နေစရာ အခက်တွေ အများအပြားရှိ

တရုတ်အစိုးရ ရဲ့ စာရင်းအင်းဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်း အရ ဆိုရင် တရုတ်နိုင်ငံ မြို့နေ လူထုဟာ သန်းပေါင်း ၆၉၀ ရှိတယ်လို့ ဆိုပါတယ်။

ဒါဟာ တရုတ်နိုင်ငံ လူဦးရေ သန်းပေါင်း ၁၃၀၀ ရဲ့ ၅၁ ရာခိုင်နှုန်း ဖြစ်ပြီး ပထမဆုံး အကြိမ် အဖြစ် မြို့နေ လူဦးရေ က ကျေးလက် လူဦးရေ ထက် ပိုများလာတဲ့ အခြေ အနေ ဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်အတွင်းမှာတင် လူပေါင်း ၂၁ သန်းက မြို့ပြတွေဆီကို ပြောင်းရွှေ့ အခြေချလာတယ် လို့ အဲဒီ စာရင်းမှာ ဖော်ပြ ပါတယ်။

သမိုင်းတလျှောက်လုံးမှာတော့ တရုတ်နိုင်ငံ က လူအများစုဟာ စိုက်ပျိုးမွေးမြူရေး ကိုပဲ ဦးစားပေး လုပ်ကိုင်ခဲ့ကြပြီး ကျေးလက် ဒေသ တွေမှာ သာ နေထိုင် ခဲ့ကြ တာပါ။

ဒါပေမယ့် တရုတ်နိုင်ငံရဲ့ စီးပွားရေးက အလျင်အမြန် ဖွံ့ဖြိုး လာသလို တရုတ်အစိုးရ ကလည်း ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း တိုင်းပြည်ကို ခေတ်မီအောင် လုပ်တဲ့ အစီအစဉ် အရ မြို့ပြ ဖွံ့ဖြိုးမှု ကို အားပေး လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ် အနည်းငယ် အတွင်း လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကြတဲ့ ကျေးလက်က လူတွေဟာ မြို့ပြက စက်ရုံတွေ၊ နောက်ပြီး ပင်လယ် ဆိပ်ကမ်း တလျှောက် မြို့တွေ က စက်မှုဇုံတွေမှာ အလုပ်လုပ်ကြဖို့ ပြောင်းရွှေ့ လာခဲ့ ကြပါတယ်။

ဒါပေမယ့်လည်း အစိုးရရဲ့ အပြောင်းအရွှေ့ အစီအမံက ထင်သလောက်တော့ လွယ်ကူ ချောမွေ့ ခဲ့တာ မဟုတ်ပါဘူး။

ကျေးလက် က လူတွေဟာ မြို့ပြကို ရောက်တဲ့အခါ ခွဲခြား ဆက်ဆံမှုတွေ မကြာခဏ ခံကြရလေ့ ရှိပါတယ်။

အဲဒီထဲမှာ ဆေးရုံ တို့ ကျောင်းတို့ သွားဖို့ အခက်အခဲရှိတွေ၊ တားဆီးခံရတာတွေ ရှိပါတယ်။

တချို့မြို့တွေဆိုရင်လည်း လူဦးရေသိပ်ပြီး ထူထပ်လွန်းလာလို့ ဝင်လာတဲ့ လူ အရေအတွက် ကို လျှော့ချဖို့ ကြိုးစားနေကြပါတယ်။

ဒါပေမယ့် မြို့ပြ တိုးချဲ့ တည်ဆောက်မှုတွေ ကတော့ ရပ်တန့်သွားမှာ မဟုတ်ပဲ ဆက်လက် တိုးချဲ့ နေဆဲ တိုးချဲ့ဖို့ အစီအစဉ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။

နောက်အနှစ် ၂၀ လောက်အတွင်း ဆိုရင် မြို့နေ လူထုဟာ တနိုင်ငံလုံး လူဦးရေ ရဲ့ သုံးပုံ နှစ်ပုံလောက်ထိ တိုးလာနိုင်တာမို့ အဲဒီအတွက် မြို့ပြ စီမံကိန်းချတဲ့ သူတွေ အနေနဲ့ တိုးလာတဲ့ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ အတော်ကြိုးစားလုပ်ဆောင်ရမယ့် အနေအထားရှိနေတယ်လို့ ပညာရှင်တွေက ခန့်မှန်း သုံးသပ် နေကြ ပါတယ်။