အာဖဂန်က ပူးတွဲ စစ်ရေး လေ့ကျင့်မှု ပြင်သစ်ရပ်

  • 21 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFPGetty
Image caption အာဖဂန်က ပြင်သစ် တပ်ဖွဲ့ဝင်

အာဖဂန် နစ္စတန် စစ်သား တယောက်ရဲ့ လက်ချက်ကြောင့် ပြင်သစ် စစ်သား လေးယောက် အသတ် ခံရပြီး ၁၅ယောက် ဒဏ်ရာ ရခဲ့ ပြီးတဲ့နောက် အာဖဂန် စစ်တပ်နဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုကို ပြင်သစ်က ရပ်ဆိုင်း လိုက်ပါတယ်။

အာဖဂန် နစ္စတန်က ပြင်သစ် တပ်ဖွဲ့တွေ စောစော ရုပ်သိမ်းဖို့ ကိုလည်း စဉ်းစားမယ်လို့ သမ္မတ ဆာကိုဇီက ပြောပါတယ်။

လက်နက် ကိုင်ဆောင် မထားတဲ့ ပြင်သစ် တပ်ဖွဲ့ဝင် အသတ်ခံရတာ ဖြစ်တယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး Gerard Longuet က ပြောပါတယ်။

ပြင်သစ် စစ်သားတွေဟာ သူတို့ လေ့ကျင့် သင်တန်း ပေးဖို့ ကြိုးစားနေတဲ့ လူတွေရဲ့ သတ်ဖြတ်ခံရတာ ဒါဟာ ဆိုရင် သီတင်း သုံးပတ် အတွင်း ဒုတိယ အကြိမ် ဖြစ်ပါတယ်။

အာဖဂန် နစ္စတန်မှာ ပြင်သစ် တပ်ဖွဲ့တွေ မရှိဘဲနဲ့ တာလီဘန်တွေကို နှိမ်နင်းရတာ ပိုပြီး ခက်ခဲလိမ့်မယ်လို့ ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။