နိုက်ဂျီးရီးယား အသေခံဗုံးခွဲမှု လူအများအပြား သေဆုံး

  • 21 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် Reuters
Image caption ရဲစခန်းတွေနဲ့ အစိုးရ အဆောက်အဦးတွေကို ဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်

နိုက်ဂျီးရီးယား နိုင်ငံ အနောက်ဘက် ကန်နို မြို့မှာ အစီအစဉ်တကျ ပြုလုပ်ခဲ့တဲ့ အသေ ခံ ဗုံးခွဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွား ခဲ့ပြီးနောက် ခန့်မှန်းခြေ အလောင်း ၁၅၀ လောက်ကို တွေ့ရှိရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဘီဘီစီသတင်းထောက်ဟာ ကန်နိုမြို့ရဲ့ အဓိက ဆေးရုံတခုရဲ့ ရင်ခွဲရုံကို ရောက်ရှိသွားပြီး၊ အဲဒီမှာ အလောင်းတွေ ချထားတာကို တွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။

နောက်ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားတဲ့ လူနာတွေလည်း ဆေးရုံကို ရောက်လာနေဆဲ ဖြစ်တယ်လို့ သတင်းထောက်က ပြောပါတယ်။

စစ်သွေးကြွ အုပ်စုဖြစ်တဲ့ ဘိုကိုဟာရမ်း အဖွဲ့က ဒီတိုက်ခိုက်မှုတွေကို သူတို့လုပ်ဆောင်တာ ဖြစ်တယ်လို့ ပြောပါတယ်။

မျက်မြင်တွေ့ရှိသူ တဦး အစောပိုင်း ပြောတာကတော့ အသေခံ ဗုံးခွဲသမားတဦးဟာ ရဲဌာန ချုပ် တခုကို တိုက်ခိုက်ခဲ့ပြီး တချိန်တည်းမှာပဲ တခြား ရဲစခန်းတွေနဲ့ အစိုးရ အဆောက် အဦးတွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ကန်နိုမြို့ကိုတော့ အခုအချိန်မှာ ကာဖြူးအမိန့် ထုတ်ပြန်ထားပြီး၊ လာဂို့စ်မြို့မှာ ဒီကနေ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးကိုလည်း စီစဉ်သူတွေက ဖျက်သိမ်း လိုက်ပါတယ်။

ဘိုကိုဟာရမ်း အဖွဲ့ဟာ နိုင်ငံမြောက်ဘက်ပိုင်းမှာ တိုက်ခိုက်မှု အများအပြားကို ပြုလုပ် နေတာ ဖြစ်ပါတယ်။