အရေးပေါ် အခြေအနေ အီဂျစ် ရုပ်သိမ်း

  • 25 ဇန်နဝါရီ 2012
Egypt ဓာတ်ပုံ မူပိုင် AP
Image caption အီဂျစ် လွှတ်တော်မှာ အစ္စလာမ်ဝါဒီတွေ အများစု ဖြစ်လာ

အီဂျစ် နိုင်ငံမှာ ဆယ်စုနှစ်နဲ့ချီ ပြဌာန်း လာတဲ့ အရေးပေါ် အခြေအနေကို လက်ရှိ အာဏာရ စစ်ကောင်စီက ရုပ်သိမ်းပေး လိုက်ပါတယ်။

တကယ်တော့ အီဂျစ် နိုင်ငံသား အများစုဟာ မွေးကတည်းက ကနေ့ချိန်ထိအရေးပေါ် အခြေ အနေ အောက်မှာ နေထိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

၁၉၆၇ ခုနှစ်က အစ္စရေးနဲ့ ခြောက်ရက်ကြာ စစ်ပွဲ အပြီးမှာ အရေးပေါ် အခြေအနေကို စကြေညာ ခဲ့ပြီး ၁၉၈၁ ခုနှစ် သမ္မတ ဆာဒတ် လုပ်ကြံ ခံရပြီးနောက်မှာ တခါ ထပ်ကြေညာပါတယ်။

မနှစ်က အီဂျစ် သမ္မတ မူဘာရက် ပြုတ်ကျသွားပြီးနောက်မှာ အာဏာသိမ်း စစ်ကောင်စီက ဒီအရေးပေါ် အခြေအနေကို ပြန်ရုပ်သိမ်းပေးမယ်လို့ အစက ကတိ ပေးခဲ့ပါတယ်။

ဒါပေမယ့် ချက်ချင်း မရုပ်သိမ်းတဲ့ အပြင် တင်းကြပ်မှုတွေ ပိုတောင်မှ လုပ်လာခဲ့ပါတယ်။

ဆန္ဒပြမှုတွေကို တားမြစ် ပိတ်ပင်သလို၊ ယဉ်ကြော ပိတ်ဆို့မှုတွေ လုပ်တာတွေ အပြင် သ တင်းမှား လွှင့်မှုကိုပါ အရေးပေါ် အခြေအနေ အရ အရေးယူနိုင်တဲ့ လုပ်ရပ်တွေထဲ ထည့် သွင်းခဲ့ပါတယ်။

ဒါပေမယ့် ခုတော့ ဒီအရေးပေါ် အခြေအနေကို ရုပ်သိမ်းလိုက်ပါပြီ။

အစ္စလာမ် ဝါဒီတွေကို ဖိနှိပ်ဖို့ ပြဌာန်းထားတဲ့ အရေးပေါ် အခြေအနေဟာ အစ္စလာမ် ဝါဒီတွေ လွှတ်တော်ထဲ အများစုအဖြစ် ရောက်လာချိန်မှာ အရေးပေါ် အခြေအနေတွေ ရုပ်သိမ်းဖို့ ဖြစ်လာပါတယ်။

မွတ်စလင် ညီအကိုတော်များ အဖွဲ့ဟာ လွှတ်တော်မှာ အကြီးဆုံး ပါတီ ဖြစ်လာပြီး အီဂျစ်ကို အစ္စလာမ် နိုင်ငံ အဖြစ် ပြောင်းလဲပစ်ဖို့ သူတို့ဆီမှာ လူထုရဲ့ ထောက်ခံမှု ရထားပြီးပြီလို့ ပြောပါတယ်။

တကယ်တော့ အီဂျစ် လွှတ်တော်ထဲမှာ မွတ်စလင် ညီအကိုတော်များထက် ပိုပြီး တဘက် စွန်းကို သွားချင်သူတွေ ရှိပါတယ်။

မွတ်စလင် ညီအကိုတော်များထက်ကို သဘောထား တင်းမာတဲ့ ဆာလာဖစ် ပါတီဟာ အမတ် နေရာ စုစုပေါင်းရဲ့ နှစ်ဆယ့်ငါး ရာခိုင်နှုန်းတောင် ရခဲ့တာမို့ အတော်များများ အံ့အား သင့်ခဲ့ ပါတယ်။

သူတို့က အီဂျစ် တနိုင်ငံလုံးကို ရှာရီယား ဥပဒေနဲ့ အုပ်ချုပ်ချင်ပါတယ်။