ဆီးရီးယား စောင့်ကြည့်ရေး အဖွဲ့ က နေ နောက်ထပ်နိုင်ငံတွေ နုတ်ထွက်

  • 24 ဇန်နဝါရီ 2012
syria ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား က မြင်ကွင်းတခု

ပင်လယ်ကွေ့ ဒေသ ပူးပေါင်း ဆောင်ရွက် ရေး ကောင်စီ GCC အဖွဲ့ဝင် ခြောက်နိုင်ငံ က အာရပ် အဖွဲ့ချုပ် ရဲ့ ဆီးရီးယား နိုင်ငံ ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ကနေ နုတ်ထွက် ကြမယ်လို့ ကြေညာ လိုက်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ပဲ ဆော်ဒီ အာရေဗျ နိုင်ငံ က အဲဒီ အဖွဲ့ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ် ထား တာပါ။

ပင်လယ်ကွေ့ ဒေသ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့က နိုင်ငံ ခြောက်နိုင်ငံ စလုံး နုတ်ထွက် မယ် ဆိုတဲ့ အခု ဆုံးဖြတ်ချက် က အာရပ် အဖွဲ့ချုပ် ရဲ့ စောင့်ကြည့် လေ့လာရေး အဖွဲ့ အပေါ် နောက်ထပ် ကြီးမားတဲ့ ရိုက်ခတ်မှု လို့ ပြောနိုင်ပါတယ်။

ဆီးရီးယားမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှု တွေ ရပ်တန့် သွားအောင် လုပ်သင့်တာတွေ မလုပ် ဘူး လို့ ဆီးရီးယား အတိုက်အခံတွေရဲ့ တိုက်ခိုက်ပြောဆိုမှုကို လည်း အာရပ် အဖွဲ့ချုပ် လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ခံနေ ရပါတယ်။

ပင်လယ်ကွေ့ နိုင်ငံတွေထဲ ဒေသတွင်းမှာ သြဇာ ကြီးမားတဲ့ ကာတာ နိုင်ငံ၊ အာရပ် စော်ဘွား များ ပြည်ထောင်စု စတဲ့ နိုင်ငံတွေ ပါဝင် ကြပြီး သူတို့က ဆီးရီးယား အစိုးရ အပေါ် ပြတ်သားတဲ့ သဘောထား တွေ ရှိကြပါတယ်။

အခုတော့ ပင်လယ်ကွေ့ နိုင်ငံ တွေက ဆီးရီးယား နိုင်ငံ နဲ့ ပတ်သက်လို့ နောက်ထပ် အရေးယူ ဆောင်ရွက်တာ တွေ ပြုလုပ်ဖို့ နဲ့ ဆီးရီးယား အစိုးရ ကို ဖိအားတွေ ပိုပေးဖို့ ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီကို တောင်းဆို လိုက်ကြ ပါတယ်။

ပြီးခဲ့တဲ့ မတ်လ က စတင်ခဲ့တဲ့ ဆန့်ကျင် ကန့်ကွက်မှုတွေကို ဆီးရီးယား အစိုးရ က နှိမ်နင်း ခဲ့တဲ့ အတွက် လူပေါင်း ငါးထောင်ကျော် သေဆုံးခဲ့ရပြီ လို့ ကုလ သမဂ္ဂ က ပြောထား ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က သမ္မတ ဘာရှား အယ်လ် အာဆတ် အနေနဲ့ သူ့ ရဲ့ လက်ထောက်ကို အာဏာ လွှဲပြောင်း ပေးပြီး အတိုက်အခံတွေ ပါဝင်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ ကို နှစ်လ အတွင်း ဖွဲ့ဖို့ အဲဒီနောက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း သစ် တစ်ရပ် ရေးဆွဲပြီး ပါတီစုံ ရွေးကောက်ပွဲ ကျင်းပဖို့ ဆိုတဲ့ အစီအစဉ် တစ်ခုကို အာရပ် အဖွဲ့ချုပ်က အကြံပြု တင်ပြ ခဲ့ပါတယ်။

အဲဒီ တင်ပြ တောင်းဆိုမှုကို ဆီးရီးယား အစိုးရ ဘက်က ပယ်ချ ခဲ့ပြီး တဲ့နောက် ပင်လယ်ကွေ့ နိုင်ငံများ ကောင်စီ ရဲ့ ဖိအားတွေ ပိုတိုး လာတာ ဖြစ်ပါတယ်။

တနည်းအားဖြင့် ဆိုရရင်တော့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဒီတောင်းဆိုမှုဟာ ဆီးရီးယား အရေး ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် ကို အခုချိန်ထိ ဗီတို အာဏာနဲ့ ပယ်ချ နေတုန်း ဖြစ်တဲ့ ရုရှားနဲ့ တရုတ် နိုင်ငံတို့ အပေါ် ကိုလည်း ပိုမို ဖိအားတွေ တိုးသွားတာ ဖြစ်ဖြစ်တယ်လို့ ကိုင်ရိုက ဘီဘီစီ သတင်းထောက် John Leyne က သုံးသပ် ထား ပါတယ်။