ဆီးရီးယား အကြမ်းဖက်မှု အဆုံးသတ်စေဖို့ လုံခြုံရေးကောင်စီ ဆွေးနွေး

  • 27 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption ဆီးရီးယား အရေး လုံခြုံရေး ကောင်စီ ဆွေးနွေး

ဆီးရီးယား သမ္မတ အာဆတ်ကို ရာထူးက ဆင်းပေးဖို့ နဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့နိုင်အောင် သူ့လက်ထောက်ဆီကို အာဏာလွှဲပေးဖို့ တောင်းဆိုမယ့် ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ ဆွေးနွေးနေပြီ ဖြစ်ပါတယ်။

အာရပ်နိုင်ငံတွေ အပြင် ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီတို့နဲ့ အတူ ပူးပေါင်း ရေးဆွဲထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို မော်ရိုကို နိုင်ငံက တင်ပြခဲ့ပါတယ်။

လုပ်ထုံးလုပ်နည်း နဲ့ နိုင်ငံရေး ပြဿနာ အခက်အခဲတွေရှိတာကြောင့် ဒီဆုံးဖြတ်ချက်ကို မဲခွဲမှာတော့ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိ တဦး ဖြစ်တဲ့ Bernard Valero က ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ ရပ်သွားအောင် တရုတ်နဲ့ ရုရှတို့က ဗီတိုအာဏာ မသုံးဖို့ မျှော်လင့်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဆီးရီးယား နဲ့ပတ်သက်ပြီး အာရပ်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ်နဲ့ ကာတာနိုင်ငံ ဝန်ကြီးချုပ်တို့ဟာ လာမယ့် သတင်းပတ် ကျရင် လုံခြုံရေး ကောင်စီမှာ စကားပြောကြမှာ ဖြစ်ပါတယ်။

ရုရှနိုင်ငံရဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ရှိတဲ့ တခုတည်းသော ရေတပ် အခြေစိုက်စခန်းဟာ ဆီးရီးယား ပိုင်နက် Tartus မြေထဲ ပင်လယ်ဆိပ်ကမ်း မှာ တည်ရှိပြီး၊ ရုရှဟာ ဆီးရီးယားကို လက်နက်တွေ အဓိကတင်ပို့ ရောင်းချတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယားက အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေ

တခါ ဆီးရီးယား နိုင်ငံမှာ အာရပ် အဖွဲ့ချုပ်ရဲ့ လေ့လာ စုံစမ်းရေးအဖွဲ့ ဝင်ရောက် စစ်ဆေးခွင့်ကို နောက်ထပ် သက်တမ်း တလ တိုးမြှင့်ပေးခဲ့တဲ့ အင်္ဂါနေ့ နောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ သိသိသာသာ ပိုများလာတယ်လို့ အဖွဲ့ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး မိုဟာမက် အာမက် အယ် ဒါဘီက ပြောပါတယ်။

အခုလို အကြမ်းဖက် တိုးလာတာဟာ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးမှုကို ပိုပြီး ခက်ခဲလာ စေလိမ့်မယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ အကြမ်းဖက် တိုက်ခိုက် နှိမ်နင်းမှု တိုးလာပြီး အရင်က ဆန္ဒပြမှု သိတ်မဖြစ်ဖူးခဲ့တဲ့ အယ်လီပို မြို့မှာ သေဆုံးခဲ့ရသူ ငါးယောက် အပါအဝင် ပြီးခဲ့တဲ့ နှစ်ရက် အတွင်း သေဆုံးသူ ၁၂ဝ ရှိသွားပြီလို့ ဆီးရီးယားက တက်ကြွ လှုပ်ရှားသူတွေကလည်း ပြောပါတယ်။