ကဒါဖီထောက်ခံသူတွေ ညှင်းပန်းနှိပ်စက်ခံရ

  • 28 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption ကဒါဖီသစ္စာခံ ၈၅၀၀ လောက် နိုင်ငံတဝန်းက အကျဉ်း စခန်းတွေမှာ ထိန်းသိမ်းခံနေရ

လစ်ဗျားနိုင်ငံမှာ ခေါင်းဆောင်ဟောင်း ဗိုလ်မှူးကြီး ကဒါဖီကို ထောက်ခံ အားပေးသူတွေကို ဖမ်းဆီး ထိန်းသိမ်း ထားစဉ်အတွင်း နှိပ်စက် ညှင်းပန်းမှု တွေ ရှိတယ်ဆိုတဲ့ အထောက်အထားတွေ နောက်ထပ် ပေါ်ထွက်လာခဲ့ပါတယ်။

မစ်ဆရာတာ မြို့က အကျဉ်းထောင်တခုမှာ ရှိတဲ့ အကျဉ်းသားတွေက သူတို့ ရိုက်နှက် ညှင်းပန်း ခံခဲ့ရပုံတွေ၊ ကျင်စက်နဲ့ အတို့ခံခဲ့ရပုံတွေကို ဘီဘီစီကို ပြန်ပြောပြခဲ့ကြ ပါတယ်။

လစ်ဗျားနိုင်ငံမှာရှိတဲ့ အကျဉ်းစခန်းတွေအားလုံးကို လစ်ဗျား ယာယီ အစိုးရအနေနဲ့ အပြည့်အဝ ထိန်းချုပ်ဖို့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ နာဗီ ပီလေးက တောင်းဆိုထားပါတယ်။

အစိုးရ ဆန့်ကျင်တဲ့ လက်နက်ကိုင် သူပုန်တွေရဲ့ လက်ချက်နဲ့ ကဒါဖီ သေဆုံးခဲ့အပြီး ရက်ပေါင်း ၁၀၀ တိတိ ကြာတဲ့ ဒီကနေ့မှာပဲ အခုလို စွပ်စွဲပြောဆိုချက်တွေ ထပ်ထွက် လာခဲ့တာပါ။

အခု သီတင်းပတ် အစောပိုင်းတုန်းကလည်း MSF နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က မစ်ဆရာတာ အကျဉ်းထောင်တခုမှာ နှိပ်စက် ညှင်းပန်းမှုတွေ တိုးပွား လာတာကြောင့် အဲဒီမှာ လုပ်ဆောင်နေတဲ့ သူတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေကို ရပ်ဆိုင်းတော့မယ်လို့ ထုတ်ဖေါ် ကြေညာခဲ့ပါတယ်။

အခု အဲဒီ အကျဉ်းစခန်းကို ဘီဘီစီ သတင်းထောက် Gabriel Gatehouse ကိုယ်တိုင် ဝင်ရောက် ကြည့်ရှုခွင့် ရခဲ့ရာမှာ၊ အကျဉ်းသားတွေက ကာလတာရှည် သူတို့ ရိုက်နှက် ခံရပုံတွေ၊ ကျင်စက်နဲ့ အတို့ခံရပုံတွေကို ပြန်ပြောပြခဲ့ကြပါတယ်။

အခုလို အကျဉ်းသားတွေ အပေါ်နှိပ်စက် ညှင်းပန်းမှုတွေဟာ လစ်ဗျားနိုင်ငံအနှံ့အပြားမှာ ရှိနေတယ်လို့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ပြောပါတယ်။

မစ်ဆရာတာမြို့ရဲ့ စစ်ကောင်စီအကြီးအကဲ အစ်ဗရာဟင် ဘေတဲမယ်လ်က အဲဒီ နှိပ်စက် ညှင်းပန်းမှုတွေမှာ အာဏာပိုင်တွေ ပါဝင် ပတ်သက်မှု မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

လစ်ဗျားနိုင်ငံမှာ ကဒါဖီကို သစ္စာ စောင့်သိသူတွေအဖြစ် စွပ်စွဲ ခံထားရသူ ခန့်မှန်းခြေ ၈၅၀၀ လောက် နိုင်ငံတဝန်းက အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံထားရပါတယ်။