ကေအိုင်အိုက နိုင်ငံရေးဆွေးနွေးရင်း အပစ်ရပ်လို

  • 29 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် kachinnet
Image caption ပြီးခဲ့တဲ့ ရက်ပိုင်း ရွှေလီဆွေးနွေးပွဲမှာ ကေအိုင်အိုက အဆင့် ၃ ဆင့်ပါ ဆွေးနွေးရေးပုံစံ တင်ပြခဲ့

ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အိုဌာနချုပ် ရှိရာ လိုင်ဇာမှာ - ပြီးခဲ့တဲ့ သောကြာနဲ့ စနေနေ့တွေက ၂ ရက်ဆက်တိုက် လူထုရှင်းလင်းပွဲတွေ ပြုလုပ်ခဲ့ပါတယ်။

မကြာခင် ရက်ပိုင်းက ရွှေလီမြို့မှာကေအိုင်အိုနဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ဆွေးနွေးခဲ့ကြတာတွေကို ကေအိုင်အေစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ဦးဆောင် ပြီး လူထုကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ရွှေလီ ဆွေးနွေးပွဲအတွင်း ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့က အစိုးရဘက်ကို တင်ပြခဲ့တဲ့ သူတို့ဖြစ်ချင်တဲ့ အဆင့် ၃ ဆင့်ပါ ဆွေးနွေးရေး ပုံစံတခုကိုလည်း လူထုကို ချပြခဲ့တယ်လို့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော်က ဘီ ဘီစီ ကို ပြောပါတယ်။

အဲဒီအဆင့်တွေထဲမှာ ပထမအဆင့်အနေနဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ လိုတယ်ဆိုတာ သဘောတူညီမှုရအောင် အရင်ဆွေးနွေးဖို့၊ သတင်းမှန်တွေ ထုတ်ပြန်ဖို့၊ ပြသနာ ဖြစ်နိုင်သည့် နေရာများ ရှိ နှစ်ဘက် စစ်တပ်များ ကိစ္စ ညှိနှိုင်း ဆောင်ရွက်ပြီး သဘောတူညီမှုရက ရက်အကန့်အသတ်နဲ့ အကောင်အထည်ဖေါ်ဖို့ စတာတွေပါပြီး ကေအိုင်အိုအနေနဲ့ အစိုးရနဲ့ တခြားတိုင်းရင်းသားတွေ လုပ်နေတဲ့ အပစ်ရပ်ပြီးမှ နိုင်ငံရေးဆွေးနွေးရေးဆိုတာထက် နိုင်ငံရေးဆွေးနွေးရင်းနဲ့ အပစ်ရပ်ဖို့ ဆန္ဒရှိတယ်ဆိုတာနဲ့ ပင်လုံညီလာခံမျိုးခေါ်ဖို့ ၊အဲဒီညီလာခံက သဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ဖို့ စတာတွေပါဝင်တယ်လို့ ပြောပါတယ်။

သူတို့ရဲ့ အဆိုပြုချက်နဲ့ပတ်သက်လို့ အစိုးရဘက်က ဘာမှ အကြောင်းပြန်ကြားချက် မရသေးဘူးလို့ ဗိုလ်မှုးချုပ်ဂွမ်မော်က ပြောပါတယ်။

KIO နဲ့ အစိုးရ ကိုယ်စားလှယ်တို့ရဲ့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲမှာ ၊ ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ ဆွေးနွေးမှု များကို ဆက်လက် လုပ်ဆောင်သွားရန်၊ အခုဆွေးနွေးပွဲ နှင့် ပတ်သက်ပြီး မီဒီယာများသို့ သတင်းမှန်များ ထုတ်ပြန် သွားရန်၊ စစ်ရေး အရှိန်များကို ထိန်းသိမ်း သွားရန်အတွက် ယုံကြည်မှု တည်ဆောက် ရေး ရည်ရွယ်ကာ ပြဿနာ ဖြစ်နိုင်သည့် နေရာများ ရှိ နှစ်ဘက် စစ်တပ်များ ကိစ္စ ညှိနှိုင်း ဆောင်ရွက်သွားရန် စတဲ့ သဘောတူညီချက် တချို့ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဆွေးနွေးခဲ့ပြီးနောက်ပိုင်း အခုလောလောဆယ် တိုက်ပွဲတွေ ရှိနေဆဲဖြစ်ပေမယ့် အရင်ကထက် နည်းသွားတယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီလဆန်းပိုင်းမှာ ၂ ဘက် ထပ်တွေ့ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှုးချုပ် ဂွမ်မော်နဲ့ မေးမြန်းထားတာကို အောက်မှာ နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။