ဆီးရီးယားအစိုးရက အတိုက်အခံတွေကို တိုက်ခိုက်

  • 29 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် bbc
Image caption အစိုးရဘက်က တပ်ဖွဲ့ဝင် ၂၀၀၀ ကျော်နဲ့ တင့်ကား အများအပြားသုံးပြီး တိုက်ခိုက်ခဲ့

ဆီးရီးယားအစိုးရ တပ်ဖွဲ့တွေဟာ မြို့တော် ဒမာ့စကပ်စ် က အတိုက်အခံ တပ်ဖွဲ့တွေ ခြေကုပ်ယူ ခုခံကာကွယ်နေတဲ့ ဆင်ခြေဖုံး နေရာတွေကို အသစ်တဖန် တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

တိုက်ခိုက်မှုတွေဟာ ဒီကနေ့ မနက် အရုဏ်တက် ချိန်က စခဲ့တာဖြစ်ပြီး ဒမာ့စကပ်စ်မြို့လယ် ကနေ ၅ မီတာ သာသာ အကွာ အရှေ့ပိုင်း ဆင်ခြေဖုံးဒေသတွေကို အစိုးရ တပ်ဖွဲ့ဝင် နှစ်ထောင်ကျော်နဲ့ တင့်ကား ၅၀ လောက်က တိုက်ခိုက်ခဲ့တာလို့ နိုင်ငံရေး လှုပ်ရှားတက်ကြွတဲ့ အုပ်စုတွေက ပြောပါတယ်။

အဲဒီနေရာတွေကို တင့်ကားတွေနဲ့ ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး လျှပ်စစ်မီးတွေ အဆက် အသွယ်တွေ ပြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲက နေရာတချို့ဟာ အစိုးရ စစ်တပ်ကနေ ခွဲထွက်လာတဲ့ သူတွေနဲ့ ဖွဲ့စည်းထားတဲ့ Free Syria Army လက်နက်ကိုင်အဖွဲ့က လူတွေ စုဝေး လှုပ်ရှားရာ နေရာတွေ ဖြစ်ပါတယ်။

ဆီးရီးယား နိုင်ငံပိုင် သတင်းမီဒီယာကတော့ ချုံခိုတိုက်ခိုက်မှုတခုကြောင့် အစိုးရစစ်သား ၆ ဦး သေဆုံးသွားတယ်လို့ ကြေညာ သွားပါတယ်။

အခုအခါ အာရပ်နိုင်ငံများအဖွဲ့ချုပ်က ဆီးရီးယားနိုင်ငံမှာ စေလွှတ်ထားတဲ့ သူတို့ရဲ့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကို စောင့်ကြည့်မှုတွေ ရပ်ဆိုင်းလိုက်ဖို့ ညွှန်ကြားထားလိုက်ပြီမို့ ဆီးရီးယား အစိုးရအနေနဲ့ဒီလို အကြမ်းဖက် တိုက်ခိုက်မှုမျိုးတွေကို ပြည်ပက မမြင်မတွေ့ပဲ အခုအခါ ရှေ့တိုးလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

အာရပ်နိုင်ငံများ အဖွဲ့ချုပ်ရဲ့ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ ပြန်ရုပ်သိမ်းလိုက်တာတွေ ကြောင့် လာမယ့်သီတင်းပတ်မှာ ကျင်းပမယ့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေး မှာ ဆီးရီးယား အစိုးရအပေါ် တင်းကျပ်တဲ့ အရေးယူ ဆုံးဖြတ်ချက်တခု ချရေးကို ပိုအာရုံစိုက် လုပ်လာဖို့ ရှိတယ်လို့ ဘီဘီစီ သတင်းထောက် Jim Muir က သုံသပ်ထား ပါတယ်။