ကချင် အမျိုးသမီး တဦး စစ်တပ်က ဖမ်းဆီးထားဆဲ။

  • 30 ဇန်နဝါရီ 2012
_burma_soldiers ဓာတ်ပုံ မူပိုင် Reuters
Image caption မြန်မာ စစ်သားများ

တရုတ် မြန်မာ နယ်စပ် အနီးရှိ ကချင်ပြည်နယ် အတွင်းက မုပွန်မြို့ အနီးမှာ နေထိုင်တဲ့ ကလေး တယောက် မိခင် ဖြစ်သူ ကချင် အမျိုးသမီး ဒေါ်စွန်လွတ်တယ်ဂျာ ကို မြန်မာ အစိုးရ စစ်တပ် ခမရ ၃၂၁ က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့တာ လ နဲ့ ချီ ကြာမြင့် ခဲ့ပါပြီ။

သူ့ ကို ပြန်လွှတ်ပေးခြင်း မရှိတဲ့ အတွက် မိသားစု ကနေ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီ ကို တိုင်ကြားဖို့ စီစဉ် နေပါပြီ။ ဒေါ်စွန်လွတ်တယ်ဂျာ ကို စစ်သားတွေ က တပ်ထဲမှာ အဝတ်လျှော်ခိုင်းခြင်း၊ ထမင်းချက်၊ ဟင်းချက် ကိစ္စ တွေ အပြင် လိင်ကျွန် အဖြစ်ပါ စေခိုင်း တဲ့ အကြောင်း လူ့အခွင့်အရေး အဖွဲ့တွေ က စွပ်စွဲ ထားပါတယ်။

ဒေါ်စွန်လွတ်တယ်ဂျာ ကို ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ ၃၀ ရက်နေ့ က နောက်ဆုံး တွေ့ခဲ့ ရတဲ့ အကြောင်း၊ မိသားစု နဲ့ နီးစပ်တဲ့ ဒေါ်မိုင်းဂျာ က ဘီဘီစီ ကို ပြောပြ ပါတယ်။

ဒေါ်စွန်လွတ်တယ်ဂျာ အပြင် ဒီတပ်စခန်း မှာ ပအိုဝ့် အမျိုးသမီး သုံးဦး လည်း ရှိသေးကြောင်း၊ သူတို့ အားလုံး ကို အလိုမတူပဲ ဖမ်းထားပုံ ရကြောင်း၊ ရွာနီးစပ်က ပြောတာကို ဒေါ်မိုင်းဂျာ က ရှင်းပြ ပါသေးတယ်။