ဆီးရီးယားကို အရေးယူဖို့ ကုလသမဂ္ဂကို ဖိအားပေး

  • 31 ဇန်နဝါရီ 2012
Image caption နောက်ထပ်အစိုးရတပ်သားတွေ အတိုက်အခံ တပ်တွေထဲ ဘက်ပြောင်းလာခဲ့ကြ

ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက် တိုက်ခိုက် မှုတွေ တိုးပွားလာနေချိန်မှာပဲ အဲဒီမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြဿနာ တွေကို အရေးယူ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအပေါ် အနောက်အုပ်စု နိုင်ငံ အစိုးရတွေက ဖိအားပေး ပြောဆိုမှု တွေ ထပ်လုပ်ခဲ့ပါတယ်။

အာရပ် နိုင်ငံများ အဖွဲ့ချုပ်ရဲ့ စီမံကိန်းတခု အပေါ် အခြေခံပြီး ဆီးရီးယားနိုင်ငံမှာ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ ပေါ်ပေါက်လာစေဖို့ အတွက် ဆုံးဖြတ် ပြဌာန်းချက်တခု ချမှတ်ပေးဖို့ ကုလသမဂ္ဂကို အနောက်အုပ်စုနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေက တောင်းဆိုနေပါတယ်။

ဒါပေမယ့်လည်း ဒါကို ရုရှားနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အစည်းအဝေးမှာ ဆီးရီးယားနိုင်ငံ အရေးနဲ့ ပတ်သက်လို့ ဒီကနေ့ အင်္ဂါနေ့မှာ ဆွေးနွေးဖို့ ရှိပါတယ်။

အစောပိုင်းတုန်းက နယူးယောက်မြို့ အစည်းအဝေးမှာ ကုသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Susan Rice က ဆီးရီးယား အစိုးရအပေါ် အရေးယူဆောင်ရွက်ဖို့ အချိန် တန်ပြီလို့ လုံခြုံရေး ကောင်စီ အဖွဲ့ဝင်အများစုက ယူဆနေကြကြောင်း ပြောပါတယ်။

ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆာ့းဒ် ရာထူးက မလွဲမသွေ ပြုတ်ကျဖို့ ရှိတယ်လို့ အမေရိကန်အစိုးရက ပြောဆိုလိုက်ပြီး တခြားနိုင်ငံတွေ အနေနဲ့ ဘယ်ဘက်က ရပ်တည်မလဲ ဆိုတာ ဆုံးဖြတ်ကြဖို့ တိုက်တွန်းပြောဆိုသွားပါတယ်။

ဒီအတောအတွင်းမှာပဲ ဒမာ့စကပ်စ်မြို့တော်ရဲ့ ဆင်ခြေဖုံး အရပ်တွေနဲ့ ဟောမ်စ်၊ ဟားမား တို့လို တခြားမြို့တွေမှာ ရှိတဲ့ အတိုက်အခံ လက်နက်ကိုင်တွေ အခိုင်အမာ ထိန်းချုပ်ထားရာ စခန်းတွေကို အစိုးရ စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။

ဒမာ့စကပ်စ်မြို့စွန်နားက ဒေသအတော်များများကို တင့်ကားတွေအကူအညီနဲ့ အစိုးရတပ် တွေက ပြန်လည် ထိန်းချုပ်လိုက်နိုင်ခဲ့ပုံရပါတယ်။

အတိုက်အခံ လက်နက်ကိုင် အဖွဲ့တွေကတော့ သူတို့ဟာ စစ်ဗျူဟာ အရ တပ်ဆုတ် ခဲ့တာ ဖြစ်ပြီး ပျောက်ကျားနည်းနဲ့ ပြန်လည် စစ်ဆင် တိုက်ခိုက်မယ်လို့ ပြောပါတယ်။

အစိုးရ တပ်တွင်းက တပ်သားအတော်များများက အတိုက်အခံ လက်နက်ကိုင်တပ်တွေထဲ သူတို့ ဘက်ပြောင်းတော့မယ်လို့ ထုတ်ဖေါ် ကြေညာခဲ့ကြပြီး အခုအခါ ဆီးရီးယားနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်လုနီး အခြေအနေ ရောက်နေပြီ ဖြစ်ပါတယ်။