ဆီးရီးယားအရေး လုံခြုံရေးကောင်စီ ဆွေးနွေး

  • 31 ဇန်နဝါရီ 2012
ဓာတ်ပုံ မူပိုင် BBC World Service
Image caption လုံခြုံရေးကောင်စီ မှာ ဆီးရီးယား အရေးဆွေးနွေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ မှာ တင်ပြဖို့ရှိပြီး အနောက်နိုင်ငံ တွေက ထောက်ခံထားတဲ့ ဆီးရီးယား အရေး ဆုံးဖြတ်ချက် မူကြမ်း ဟာ ဆီးရီးယား ပြည်တွင်းစစ် ကို ဖြစ်စေနိုင် တယ် လို့ ရုရှားနိုင်ငံ က သတိပေးပြောကြားလိုက်ပြီး ဗီတို အာဏာ သုံးပြီး ပယ်ချ မယ် လို့ ခြိမ်းခြောက်ထားပါတယ်။

အာရပ်အဖွဲ့ချုပ် ရဲ့ အဆိုပြုချက်ကို အခြေခံ ထားတဲ့ ဒီ ဆုံးဖြတ်ချက် မူကြမ်း အဆိုပြုချက် ကို ထောက်ခံဖို့ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း က တိုက်တွန်း ပြောကြားထားပြီး အင်္ဂါနေ့ ညနေပိုင်းမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ် ကို ရာထူးက ဖြုတ်ချ ရုံ နဲ့ ညှိနှိုင်း အဖြေရှာနိုင်မှာ မဟုတ်ဘူး လို့ ရုရှား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဂန်နဒီ ဂတ်တီလို က ရုရှား သတင်းဌာန Interfax ကိုပြောကြားခဲ့ပါတယ်။

ဆီးရီးယားမှာ အကြမ်းဖက်စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ၃ ရက်ကြာ တိုက်ပွဲ အပြီးမှာတော့ ဆီးရီးယားမြို့တော် ဒမားစကတ် ရဲ့ မြို့စွန်မှာ ခြေကုတ် ယူထား တဲ့ သူပုန်တွေ ကို ရှင်းလင်း လိုက်နိုင်ပြီလို့ ဆီးရီးယား အစိုးရ က ပြောကြား လိုက်ပါတယ်။

ဒါပေမဲ့ ဒါဟာ နည်းဗျူဟာ အရ ဆုတ်ခွာ မှုသာ ဖြစ်ပြီး ပြောက်ကျား တိုက်ခိုက်မှု တွေ လုပ်ဆောင်သွားမယ် လို့ ဆန့်ကျင် တိုက်ခိုက်သူတွေဖက် က ပြောကြားခဲ့ပါတယ်။

တက်ကြွလှုပ်ရှားသူ တဦးကတော့ အစိုးရတပ်တွေဟာ မြို့ စွန်ဖက်အိမ်တွေမှာ လုယူမှုတွေ လုပ်ပြီး လူ ရာပေါင်း များစွာ ကို လည်းဖမ်းဆီးခဲ့တယ် လို့ ပြောပါတယ်။

အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားသူ တွေ ကတော့ နောက်ဆုံး ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုမှာ လူပေါင်း ၁၀၀ လောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ဟုမ်းစ် မြို့ဖက်မှာ လည်း တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွား နေပါတယ်။