တိဘက် အရေး လုံခြုံရေး တွေ ထပ်တိုးချထား

  • 31 ဇန်နဝါရီ 2012
tibet 2009
Image caption တိဘက် မှာ မငြိမ်သက်မှု တွေ မကြာခဏ ဖြစ်လေ့ရှိ

တရုတ်နိုင်ငံ၊ တိဘက်မှာ ဆူပူ မငြိမ် သက်မှု တွေ ဖြစ်မလာဖို့အတွက် အာဏာပိုင်တွေက တိဘက် ဘုန်းကြီးကျောင်း တွေနဲ့ အဓိက လမ်းမတွေ ပေါ်မှာ လုံခြုံရေးကို တိုးမြှင့် ချထား လိုက်ပါတယ်။

တကယ်လို့ ပြဿနာဖြစ်လာရင် တရားဟော ဘုန်းကြီးတွေကို နေရာ က ဖယ်ရှား အရေးယူ မယ် လို့ လည်း တိဘက် ဒေသ က တရုတ် ကွန်မြူနစ်ပါတီ အတွင်း ရေးမှူး က ပြောပါတယ်။

တိဘက်က တရုတ်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ချီ ကျားလာ က အစိုးရ ရဲ့ သတင်း အေဂျင်စီ ရှင်ဟွာ ထဲကနေ အခုလို တိဘက် ဘုန်းကြီးတွေကို သတိပေး ပြောကြား တာကို ကြည့်မယ် ဆိုရင်တော့ တိဘက် အရေး နဲ့ ပတ်သက်ပြီး မငြိမ်သက်မှုတွေ ဆက်လက် ပြန့်ပွား လာမှာကို တရုတ် အစိုးရက ပိုပြီး စိုးရိမ်လာပုံ ရ ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိဘက် ဒေသ နဲ့ ကပ်ရက် ပြည်နယ် ဖြစ်တဲ့ စီချွမ်း ပြည်နယ် တွင်းက တိဘက် အများစု နေတဲ့ နေရာတွေမှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ ပါတယ်။

ဆန္ဒပြမှု သုံးကြိမ် ဖြစ်ပွားရာမှာ အာဏာပိုင်တွေ အပြောအရတော့ လူ ၂ ဦး သေဆုံးတယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် တိဘက်အရေး တက်ကြွ လှုပ်ရှားသူ တွေ ပြောတာကတော့ သေဆုံးသူ အရေအတွက်က ဒီထက် ပိုများ နိုင်တယ်လို့ ဆိုပါတယ်။

လုံခြုံရေး တပ်ဖွဲ့တွေဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်တယ်လို့ တက်ကြွ လှုပ်ရှားသူ တွေ ဘက်က ပြောသလို အာဏာပိုင် တွေဘက်က ပြောတာကလည်း ဆန္ဒပြ လူအုပ်က ရဲစခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလို လူသေဆုံးတဲ့အထိ ဆန္ဒပြ အဓိကရုဏ်း ဖြစ်တဲ့ အရေး ဟာ တရုတ်နိုင်ငံမှာ ၄နှစ် အတွင်း အပြင်းထန်ဆုံးဖြစ်ပါတယ်။

စီချွမ်းက ဆန္ဒပြသူတွေကို တရုတ် အစိုးရက ပစ်ခတ် နှိမ်နင်းတဲ့ ဖြစ်ရပ်ဟာ နိုင်ငံတကာ မျက်နှာစာ မှာလည်း အကျည်းတန် စေခဲ့ ပါတယ်။

အမေရိကန်နဲ့ ဗြိတိန်တို့က စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

တရုတ်မှာ နိုင်ငံရေး ခေါင်းဆောင်သစ်တွေ အပြောင်းအလဲ လုပ်မယ့်နှစ် မှာ အာဏာပိုင်တွေ ဘက်ကတော့ တည်ငြိမ်မှု ရှိဖို့ ဆိုတာကို အလေးပေး ပြောနေပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ မတ်လနောက်ပိုင်းကတည်းက တိဘက်ဘုန်းကြီး အပါအဝင် တိဘက်အရေး လှုပ်ရှားသူ အနည်းဆုံး ၁၆ ဦးဟာ သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေး ထုံးတမ်းတွေကို တရုတ်အစိုးရက ဟန့်တား ဖျက်ဆီးနေတယ်ဆိုပြီး ကိုယ့်ကိုယ်ကို မီးရှို့ဆန္ဒပြမှုတွေ လုပ်ခဲ့ကြပါတယ်။

အခု လောလောဆယ် စီချွမ်းပြည်နယ် အတွင်းကို နိုင်ငံခြား သတင်းထောက်တွေ ကိုတော့ ဝင်ခွင့် ပိတ်ပင်ထား ပါတယ်။