ဥရောပဆီ ရေနံတင်ပို့မှု အီရန်ပိတ်မယ်

  • 4 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption အီရန်အပေါ် ပိတ်ဆို့မယ့် အစီအစဉ်ကို ပြန်စဉ်းစားဖို့ အီးယူကို တိုက်တွန်းခဲ့

အီးယူ ဥရောပသမဂ္ဂကနေ ဇူလိုင်လ ကျရင် အီရန်အပေါ် ကုန်သွယ်ရေး ပိတ်ပင်မှုတွေ စတင်တော့မှာ ဖြစ်တဲ့အတွက် အဲဒီမတိုင်ခင် အီရန်နိုင်ငံက ဥရောပနိုင်ငံတွေဆီ ရေနံ တင်ပို့မှုတွေကို ပိတ်ပစ်တော့မှာ ဖြစ်တယ်လို့ အီရန် ရေနံ ဝန်ကြီး ရို့စတန် ကာစာမိက ထပ်မံ ပြောကြား လိုက်ပါတယ်။

အခုလို ရေနံပိတ်ပင်မှုအတွက် ဥရောပက ဘယ်နိုင်ငံတွေကို ထိခိုက်မှု ရှိစေမယ် ဆိုတာ ကိုတော့ သူက ပြောကြားခြင်း မရှိပါ။

တီဟီရန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့တာဖြစ်ပြီး၊ နိုင်ငံတကာ ရေနံစျေးကွက်မှာလည်း ကသောင်း ကနင်းတွေ ဖြစ်စေမယ်လို့ သူကဆိုပါတယ်။

ဒီအတွက် အီးယူအနေနဲ့ အီရန်အပေါ် ပြုလုပ်မယ့် ပိတ်ဆို့မှုတွေ အတွက် ပြန်စဉ်းစားဖို့ သူက တိုက်တွန်းလိုက်ပါတယ်။

အီရန်ဟာ နျူးကလီးယား လက်နက်တွေကို တိတ်တဆိတ် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတယ် ဆိုပြီး အီးယူနဲ့ အမေရိကန်က မကြာသေးခင်ကမှ အီရန်အပေါ် ပိုမိုတင်းကျပ်တဲ့ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။