ဆီးရီးယားအရေး လုံခြုံရေးကောင်စီ အတည်မပြု

  • 4 ဖေဖော်ဝါရီ 2012
un-security_council ဓာတ်ပုံ မူပိုင် BBC World Service
Image caption ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ

ဆီးရီးယား နိုင်ငံ အရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေဘက်ကဆီးရီးယားမှာ နိုင်ငံရေး ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီကိုတင်သွင်း ခဲ့တဲ့ဆုံးဖြတ်ချက်ကိုတရုတ်နဲ့ရုရှားနှစ်နိုင်ငံ တို့ကဗီတိုအာဏာသုံးပြီး ပယ်ချ လိုက်ကြ ပါတယ်။

ဒီဆုံးဖြတ်ချက်ကို အာရပ်အဖွဲ့ချုပ်၊ အမေရိကန် ပြည်ထောင်စု နဲ့ ဥရောပ နိုင်ငံတွေ က ထောက်ခံ ထားကြပေမယ့်လဲ တရုတ် နဲ့ ရုရှားတို့ကဒီလို ဗီတို သုံးလိုက်တဲ့ အတွက်အနောက်နိုင်ငံတွေရဲ့ အစိုးရတွေက ပြစ်တင် ဝေဖန် နေကြ ပါတယ်။ ပြင်သစ် က ဒီ နှစ်နိုင်ငံက ဒမတ်စကတ်စ်ကို အားပေးနေကြတယ်လို့ ဆိုလိုက်သလို ဗြိတိန်ကလဲ ဒါဟာ အာရပ်ကမ္ဘာကို မျက်နှာလွှဲ ခဲပစ် လုပ်လိုက် တာပဲ လို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဆူဆန်ရိုက်စ်ကတော့ ဆီးရီးယား ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ လွတ်မြောက်ရေးနဲ့ အခြေခံ လူ့အခွင့်အရေး တွေအတွက် တောင်းဆိုလှုပ်ရှား မှုတွေမှာ လုံခြုံရေး ကောင်စီအတွင်း ဘယ်နိုင်ငံတွေဟာ သူတို့ဘက်မှာ ရှိနေတယ် ဆိုတာကို မြင်နိုင်တဲ့အကြောင်း၊ အခုလိုပြောင်းလဲမှုတွေပြုလုပ်နေကြတဲ့အချိန်မှာအရှေ့အလယ်ပိုင်းက ပြည်သူတွေ အားလုံး သူတို့ရဲ့ ဒီမိုကရေစီရေး တောင်းဆို လှုပ်ရှားမှုတွေကို ဘယ်နိုင်ငံတွေက မျက်ကွယ်ပြုပြီး အာဏာရှင်တွေ ဘက်ကို လိုက်ကြ သလဲ ဆိုတာကိုလဲ ကွဲပြားစွာတွေ့မြင်နိုင် ကြပြီ ဖြစ်ကြောင်း ပြောကြားသွား ခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေ လဗ်ရော့ဗ် ကဒီ ဆုံးဖြတ်ချက် ထဲမှာ သံသယ ဖြစ်စရာ ကောင်းတဲ့ အချက်တွေ ပါတယ်လို့ ပြောပါတယ်။