ဆီးရီးယားအစိုးရတိုက်ခိုက်မှု လူပေါင်းရာချီသေဆုံး

  • 4 ဖေဖော်ဝါရီ 2012
Image caption အစိုးရက အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ တာလို့ အတိုက်အခံတွေက ပြောပါတယ်

ဆီးရီးယား အစိုးရရဲ့ ဟုမ်းစ်မြို့ စစ်ဆင်ရေးမှာ လူပေါင်း ၂၀၀ ကျော် သေဆုံးသွားခဲ့တယ်လို့ အစိုးရ ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ခါဒီယာ့ ရပ်ကွက်ဟာ အမြောက်တွေနဲ့ အကြီး အကျယ် ဗုံးကျဲ တိုက်ခိုက်ခံခဲ့ရတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

အခုလောက် သေဆုံးသွားတယ်ဆိုတာကို သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တော့ မရသေးပေမယ့် ဒီသတင်းမှန်မယ် ဆိုရင်တော့ ပြီးခဲ့တဲ့ ၁၁ လက မတည်ငြိမ်မှုတွေ စတင် ခဲ့ပြီး နောက်ပိုင်း ဒီကနေ့ဟာ လူ သေကျေထိခိုက်မှု အများဆုံး ဖြစ်ခဲ့တဲ့နေ့ ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် အစိုးရဘက်ကတော့ ဒါကို ငြင်းဆိုလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဆီးရီးယားကို အရေးယူနိုင်အောင် အတိုက်အခံတွေဘက်က ဖန်တီး လုပ်ဆောင်မှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတ်ဖြတ်မှုတွေဟာ လက်နက်ကိုင် အကြမ်းဖက်အုပ်စုတွေရဲ့ လက်ချက် ဖြစ်တယ်လို့ အစိုးရဘက်ကပြောပါတယ်။

သမ္မတ အာဆတ်ကို ဒေါသဖြစ်နေကြတဲ့ သူတွေကတော့ ကမ္ဘာတဝန်းက ဆီးရီးယား သံရုံးတွေကို ဆန္ဒပြ တိုက်ခိုက်ခဲ့ကြပါတယ်။ အီဂျစ်မြို့တော် ကိုင်ရို၊ ဂရိက အေသင်၊ ဗြိတိန်က လန်ဒန်မြို့တွေမှာလည်း ဆန္ဒပြ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

နယူးယော့ခ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း မကြာခင်မှာ သံတမန်တွေ တွေ့ဆုံပြီး ဆီးရီးယားနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် မူကြမ်းတခုကို ဆွေးနွေး ဆုံးဖြတ်ဖို့ ရှိပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ဆီးရီးယား သမ္မတအာဆတ် အနေနဲ့ သူ့ရဲရာထူးကို လက်ထောက်တစ်ယောက်ယောက်ကို လွှဲပေးပြီး ငြိမ်းချမ်းရေး လုပ်ဆောင်စေဖို့တွေ ပါဝင်ပါတယ်။

ဒါပေမယ့် ဆီးရီးယားရဲ့ မဟာမိတ် ရရှားနိုင်ငံကတော့ ဒီမူကြမ်းရဲ့ တချို့အပိုင်းတွေကို ကန့်ကွက်ထားတာကြောင့် ဒီဆုံးဖြတ်ချက် မူကြမ်းကို ဗီတိုအာဏာ သုံးပြီး ပယ်မလား မပယ်ဘူးလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။

ဒါပေမယ့် တခြားနိုင်ငံတကာ သံတမန်တွေကတော့ ဒီဆုံးဖြတ်ချက် ကျနိုင်အောင် အပြင်း အထန် ဆွေးနွေးနေကြပါတယ်။