မြန်မာစတော့အိတ်ချိန်းဖြစ်လာဖို့ နီးပြီလား

  • 6 ဖေဖော်ဝါရီ 2012

မြန်မာနိုင်ငံက ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ၂၀၁၃ ကနေ ၂၀၁၅ ခုနှစ်အတွင်း စတော့ ရှယ်ယာ ရောင်းဝယ်နိုင်တဲ့ အိတ်ချိန်း တွေ ပေါ်ပါက် လာနိုင်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးနေအေးက ဘီဘီစီကို ပြောပါတယ်။

Image caption မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးနေအေးတို့ ထိုင်းစတော့အိတ်ချိန်း လေ့လာ

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းတွေပေါ်ပေါက် လာစေဖို့ လေ့လာသင့်တာတွေကို လေ့လာနိုင်ဖို့အတွက် ထိုင်းနိုင်ငံ စတော့ အိတ်ချိန်း Stock Exchange of Thailand ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးနေအေးနဲ့ အဖွဲ့ ဇန်နဝါရီလအတွင်းက သွားရောက် လေ့လာခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်း ပေါ်ပေါက်ဖို့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း ဦးဆောင်လို့ ဆောင်ရွက်နေတာမှာ လက်ရှိမှာတော့ ဒုတိယအဆင့် ၂၀၁၀-၂၀၁၂ ကာလအတွင်းကို ရောက်နေပြီလို့ သိရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၂၀၁၂ အတွင်း လုပ်ရမယ့် ကိစ္စတွေကတော့ စတော့အိတ်ချိန်း ကော်မရှင် ပေါ်ပေါက်လာစေဖို့အတွက် လိုအပ်တဲ့ စတော့ အိတ်ချိန်း ဥပဒေ ရေးဆွဲဖို့ လိုပါတယ်။ ဥပဒေကလည်း မူကြမ်းရေးပြီး ဖြစ်လို့ အခုအခါမှာ ရှေ့နေချုပ်ရုံးရဲ့ အကြံပြုချက်၊ သဘောထားမှတ်ချက်တွေတောင် ပြန်ရနေပြီလို့ ဦးနေအေးက ဘီဘီစီကို ပြောပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့ထားတာကြောင့် စတော့ အိတ်ချိန်း ကိစ္စတွေ လုပ်ဆောင်ဖို့ အဆင်ပြေနိုင်မလားလို့ မေးတာကိုတော့ ဆန်ရှင်ရှိနေဆဲ ကာလမှာ အစိုးရ ငွေတိုက် စာချုပ်ရောင်းတာ၊ အများပိုင် ကုမ္ပဏီရဲ့ ရှယ်ယာတွေ ရောင်းတာကို လုပ်နိုင်တဲ့ အကြောင်း ရှင်းပြပါတယ်။

ဆန်ရှင်ရုပ်ပြီးနောက်မှာတော့ နိုင်ငံခြားငွေနဲ့ ဆက်လက် လုပ်ကိုင်နိုင်မယ်လို့လည်း သူက ပြောပါတယ်။ ၂၀၁၃-၂၀၁၅ ကာလအတွင်းမှာတော့ စတော့ အိတ်ချိန်း ဥပဒေနဲ့အညီ စတော့အိတ်ချိန်း ကော်မရှင်ကို တည်ထောင်ပြီး ကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စတော့ အိတ်ချိန်းတွေ တည်ထောင်မယ်လို့ ဦးနေအေးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိမှာတော့ အများပိုင် ကုမ္ပဏီ ဆယ်ခုလောက်သာ ရှိနေပြီး၊ Listed လို့ ခေါ်တဲ့ စာရင်းဝင် ကုမ္ပဏီကတော့ သစ်တောဖက်စပ်လုပ်ငန်းနဲ့ မြန်မာနိုင်ငံသားများဘဏ် နှစ်ခုသာရှိကြောင်း သိရပါတယ်။