ဆီးရီးယား ကိစ္စ ဗီတို သုံးခဲ့မှု ကို တရုတ် က ခုခံကာကွယ်

  • 6 ဖေဖော်ဝါရီ 2012
syria
Image caption ဆီးရီးယား အရေး ကို လျှစ်လျူရှု နေလို့ အတိုက်အခံ တွေ က ပြော

ဆီးရီးယားနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ဟာ မူကြမ်း အပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံတွေကြား သဘောတူညီမှု မရခင် မဲခွဲခဲ့ကြ တာကြောင့် သူတို့အနေ နဲ့ ဗီတို သုံးခဲ့တာလို့ တရုတ်တို့ က ပြောပါတယ်။

အဲဒီ ဆုံးဖြတ်ချက် ကိုသာ အတည်ပြုခဲ့မယ် ဆိုရင် ဆီးရီးယားရဲ့ အခြေအနေကို ပိုရှုတ်ထွေး စေလိမ့်မယ် လို့ တရုတ် နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူက ပြောပါတယ်။

ကုလသမဂ္ဂ ကနေ ဆီးရီးယားသမ္မတ ကို ရာထူး ကဆင်းပေးဖို့ တောင်းဆိုထားတဲ့ ဆုံးဖြတ်ချက်ကို တရုတ်တင်မကပါဘူး ရုရှတို့ကပါမကျေမနပ် တုံ့ပြန်မှုတွေနဲ့ ဗီတို သုံး ပယ်ချ ခဲ့တာပါ။

ဒီလို တရုတ်ရုရှ နှစ်နိုင်ငံ ဗီတိုသုံးခဲ့တာကြောင့် အထူးသဖြင့် အနောက်အုပ်စုနဲ့ ဒီ ၂ နိုင်ငံ အကြား သံတမန်ရေး အဆင်မပြေမှုတွေ ဖြစ်ခဲ့ ရပါတယ်။

အခုတော့ တရုတ်တို့ က သူတို့ ဘာကြောင့် ဗီတို သုံးရတယ် ဆိုတာကို ရှင်းပြခဲ့ ပါတယ်။

တရုတ်အစိုးရ အနေနဲ့ ဆီးရီးယားမှာ လက်နက်ကိုင် ပဋိပက္ခတွေ နဲ့ စစ်ပွဲတွေ ဖြစ်လာမှာကို ရှောင်ရှားလို့တဲ့ ဆန္ဒရှိတယ်လို့ တရုတ် နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် က ပြောပါတယ်။

တရုတ်တို့ အနေနဲ့ ဆုံးဖြတ်ချက်မူကြမ်း ရေးဆွဲရာမှာ ပါဝင် ပတ်သက်ခဲ့ပေမယ့် နောက်ဆုံး မှာ လုံခြုံရေး ကောင်စီဝင်တွေ အကြား သဘောထားကွဲလွဲမှု အများအပြား ရှိနေ ခဲ့ကြ တယ် လို့ ဆိုပါတယ်။

ကုလသမဂ္ဂ ဆုံးဖြတ်ချက် အပေါ် တရုတ်တို့ ဗီတိုသုံးပယ်ချခဲ့တာဟာ တာဝန်မဲ့ လုပ်ရာကျ တယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ခုခံ ပြောဆိုခဲ့ပြီး ဒီလို စွပ်စွဲ ပြောဆိုမှုတွေကို လက်မခံဘူးလို့ ဆိုပါတယ်။

တရုတ်တို့ အနေနဲ့ ကာလ ကြာရှည်စွာ ကတည်းက တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ရေး ဆိုတဲ့မူကို ကိုင်စွဲ နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ် တို့ရဲ့ အင်အား နဲ့ သြဇာ ကြီးထွား လာတာ နဲ့အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ သူတို့ အပေါ်ထားတဲ့ မျှော်လင့်ချက်တွေ ပိုများ လာခဲ့တယ်။

ဒါကြောင့်လည်း အခုလို ဆီရီးယားကိစ္စ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ဗီတို သုံးခဲ့တာ နဲ့ပတ်သက်လို့ တရုတ်တို့အနေနဲ့ အကြီးအကျယ် ဝေဖန်မှုတွေကို ရင်ဆိုင် နေရတာ ဖြစ်တယ် လို့ ဘီဘီစီ သတင်းထောက် Michael Bristow ဘေဂျင်း ကနေ သတင်း ပေးပို့ထား ပါတယ်။