ဆီးရီးယားက ပြုပြင်မယ်လို့ပြောကြောင်း ရုရှဆို

  • 8 ဖေဖော်ဝါရီ 2012
homs ဓာတ်ပုံ မူပိုင် AFP
Image caption ဟုမ်းစ်မြို့ အပျက်အစီး

ဆီးရီးယား သမ္မတ ဘာရှား အယ်လ် အာဆတ် က ကတိအသစ်တွေ ထပ်မံပေးတဲ့ အထဲမှာ နိုင်ငံတွင်း အကြမ်းဖက်မှု တွေ ရပ်ဆိုင်းပစ်ရေး၊ အတိုက်အခံ နဲ့ တွေ့ဆုံဆွေးနွေးမှု၊ ပြုပြင်ပြောင်းလဲရေး တွေ အကောင် အထည်ဖေါ်ရေး စတာ တွေ ပါဝင် ပါတယ်။ ဒီ အာမခံ စကားတွေ ကိုလည်း ဒမာ့စ်ကပ်စ် မြို့တော် ကို ရောက်နေတဲ့ ရုရှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လပ်ဗ့်ယောဗ့် ကို သမ္မတ အာဆတ် က ပေးခဲ့တါပါ။

မစ္စတာ လပ်ဗ့်ယောဗ့် ကလည်း သမ္မတ အနေနဲ့ ဒီကိစ္စ တွေကို အမြန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်တယ် ဆို တာကို နားလည်တယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဒါပေမယ့် ဆီးရီးယား က အတိုက်အခံတွေ ကတော့ သူတို့ရဲ့ ခြေကုပ် ဟုမ်းစ်မြို့ ကို လေးရက်ဆက်တိုက် တိုက်ခိုက်မှု ပြုနေတဲ့ သမ္မတ ဟာ အနှစ်သာရ ကင်းမဲ့တဲ့ ကတိစကား တွေ ပေးနေတာ လို့ စွပ်စွဲ လိုက်သလို အမေရိကန် ဘက်က တော့ အယုံအကြည် ရှိပုံ မရပါဘူး။

တချိန်ထဲ မှာပဲ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ၆ နိုင်ငံ အစိုးရ တွေက ဆီးရီးယား နိုင်ငံ ကနေ သူတို့ သံအမတ်တွေ ကို ပြန်ခေါ် လိုက်သလို ၊ ဆီးရီးယား သံအမတ် တွေကို လည်း နှင်ထုတ် လိုက်ပါပြီ။

ဆီးရီးယား စစ်တပ်ဘက် ကတော့ ဟုမ်းစ် မြို့ လူထု ကို မော်တာတွေ အမြောက် လက်နက် တွေနဲ့ ဆက်လက် ပစ်ခတ်ဆဲ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှု တွေရဲ့ ပစ်မှတ်က ဘာဘာအမာရ် အရပ်ကို ဖြစ်ပါတယ်။ အဆိုပါ ဒေသ တဝိုက်မှာ ရုရှ လုပ် တင့်ကားတွေ လည်း တွေ့ရတယ်လို့ မျက်မြင်သက်သေ တွေက ပြောပါတယ်။

ဟုမ်းစ် မြို့ မှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် က မြို့လူထု ဟာ စားနပ်ရိက္ခာ နဲ့ လိုအပ်တဲ့ ပစ္စည်း တွေ ရရေး အတွက် အသည်းအသန် ကြိုးပမ်းနေရ သလို မြို့တွင်းက ထွက်ပြေး ဖို့ ကြိုးပမ်းသူ တွေ အနေနဲ့ လည်း လက်ဖြောင့် သေနတ်သမား ရန် ကြောက်နေရတဲ့ အကြောင်း ပြောပြပါတယ်။