လစ်ဗာပူးလ်က ဆွာရက်စ် ဝေဖန်ခံနေရ

  • 11 ဖေဖော်ဝါရီ 2012
evra
Image caption အက်ဗရာကို မနှုတ်ဆက်ဘဲ ရှောင်သွားတဲ့ ဆွာရက်စ်

စနေနေ့က ကန်ခဲ့ကြတဲ့ အင်္ဂလိပ် ပရီးမီးယား လိဂ်ဘောလုံးပွဲတပွဲ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လစ်ဗာပူးလ် အသင်းတို့ ရဲ့ပွဲ မစခင်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ပက်ထရီစ် အက်ဗရာ ကို လက်ဆွဲ နှုတ်ဆက် ဖို့ ငြင်းဆန်ခဲ့တဲ့ လစ်ဗာပူးလ်က လူးဝစ္စ ဆွာရက်စ် ဟာ ဝေဖန် ပြစ်တင် ခံနေရ ပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလ တုန်းက ဒီနှစ်သင်း ကန်ခဲ့တဲ့ ပွဲမှာ ဆွာရက်စ် ဟာ အက်ဗရာကို အသားရောင် ခွဲခြားပြီး စော်ကား မော်ကား လုပ်ခဲ့တဲ့ အတွက် ဘောလုံး ကစားခွင့် ၈ ပွဲ ပိတ်ပင် ခံခဲ့ ရပါတယ်။ ဒီပိတ်ပင်ခံ ထားရတဲ့ ကာလ အပြီး အခုပွဲကျမှ သူတို့ နှစ်ဦး ပြန်တွေ့ကြ တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နောက်တန်းကစား သမား အက်ဗရာဘက်က လက်ဆွဲနှုတ်ဆက် ဖို့လက်ကို ကမ်းပေး ခဲ့ပေမယ့် လစ်ဗာပူးလ် က ဆွာရက်စ်က မနှုတ်ဆက်ဘဲ ရှောင်သွားခဲ့ တာဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ရဲ့ မန်နေဂျာ ဆာအဲလက်စ် ဖာဂတ်ဆင် ကတော့ ဆွာရက်စ်ဟာ လစ်ဗာပူးလ် ဘောလုံးအသင်းကို သိက္ခာကျ အောင်လုပ်ခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လစ်ဗာပူးလ် အသင်းရဲ့ မန်နေဂျာ ကဲန်နီ ဒဲလ်ဂလစ်ရှ် ကတော့ အခု ဖြစ်ပျက် ခဲ့တာတွေ အားလုံးကို ဆွာရက်စ် အပေါ်မှာပဲ အပြစ်ပုံချ တာဟာ မှားနေတယ် ဆိုပြီး သူ့အသင်းသား ဘက်က ကာကွယ်ပြောကြား သွားခဲ့ပါတယ်။

ဘောလုံးပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွား ခဲ့ပါတယ်။