ဆီးရီးယားစစ်တပ် အကြီးအကဲ လုပ်ကြံခံရ

  • 11 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AFP
Image caption သောကြာနေ့က အလက်ပိုမြို့ ဗုံးခွဲတိုက်ခိုက်ခံ ရလို့ လူ ၂၈ ဦး ထက်မနည်း သေဆုံး

ဆီးရီးယား အစိုးရစစ်တပ်ရဲ့ ထိပ်တန်း အရာရှိ တဦးကို မြို့တော်ဒမားစကပ်စ်မှာ သေနတ်သမားတွေက လုပ်ကြံ သတ်ဖြတ် လိုက်တယ်လို့ အစိုးရရဲ့ တရားဝင် သတင်း အေဂျင်စီက ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ မတ်လက စတင်ခဲ့တဲ့ သမ္မတ ဘာရှားအဲလ်အာဆတ် ဆန့်ကျင်ရေး လူထု အုံကြွမှုတွေ ဖြစ်ပြီးနောက်ပိုင်း စစ်တပ် အရာရှိ တဦး လုပ်ကြံခံလိုက်ရတဲ့ ပထမဦးဆုံး ဖြစ်ရပ်လို့ ယူဆရပါတယ်။

အခုလုပ်ကြံခံလိုက်ရတဲ့ ဗိုလ်မှူးချုပ် အီဆာ အဲလ် ခိုယူလီ သူ့အိမ်ကနေ အထွက်မှာ သေနတ်သမားသုံးဦးက ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အစိုးရ သတင်းက ပြောပါတယ်။

ဒါဟာ လက်နက်ကိုင် အကြမ်းဖက်အုပ်စုတွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ လည်း သတင်းအေဂျင်စီက ပစ်တင် ပြောကြားပါတယ်။

မနေ့ကတော့ အလက်ပိုမြို့မှာ ဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၈ ဦးထက်မနည်း သေဆုံးသွားပါတယ်။

ဟုမ်းစ်မြို့ကိုတော့ အစိုးရတပ်ဖွဲ့တွေက အသစ်တဖန် ထပ်မံ တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး လူ လေးဦးလောက် သေဆုံးသွားတယ်လို့ အစိုးရဆန့်ကျင်ရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ဟုမ်းစ်မြို့က အတိုက်အခံတွေရှိနေတဲ့ နေရာတွေဘက်ကို အမြောက်တွေနဲ့ ထပ်မံ ပစ်ခတ်ခဲ့စဉ်အတွင်း အခုလို သေဆုံးသွားခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။

အစိုးရတပ်ဖွဲ့တွေဟာ အခုအပတ်ထဲမှာ ဟုမ်းစ်မြို့ကို အမြောက်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေ တာဖြစ်ပါတယ်။

အဲဒီအတွက် မြို့ထဲမှာ ရှိတဲ့ အရပ်သားတွေဟာ အကာအကွယ်မဲ့ကာ ထွက်ပြေးလို့လည်း မရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။