ဆီးရီးယားမှာ ငြိမ်းချမ်းရေး တပ်ဖွဲ့ချဖို့ အဆိုပြု

  • 12 ဖေဖော်ဝါရီ 2012
Syria
Image caption ဆီးရီးယား အစိုးရက မြို့တွေထဲမှာ တင့်ကားနဲ့ လက်နက်ကြီး တပ်ဖွဲ့တွေ စေလွှတ်ထား

ဆီးရီးယား နိုင်ငံက အကြမ်းဖက် မှုတွေ ရပ်ဆိုင်း သွားဖို့ အတွက် ကုလ သမဂ္ဂ ပါဝင်တဲ့ ငြိမ်းချမ်းရေး ထိမ်းသိမ်းရေး အဖွဲ့တွေ စေလွှတ်ဖို့ အာရပ် အဖွဲ့ချုပ် က တိုက်တွန်း လိုက်ပါတယ်။

အဲဒီ ကြေညာချက် ထဲမှာ ပါဝင်တဲ့ အချက် တွေနဲ့ ပတ်သက်ပြီး အစည်းဝေး ထဲမှာ ဘယ်လောက် သဘောထား ကွဲလွဲ မှုတွေ ရှိတယ် ဆိုတာကို မသိရသေး ပေမယ့် အခုချိန်မှာ အရေးကြီး တာက အဲဒီ ဆုံးဖြတ်ချက် ကို တကယ် လက်တွေ့ အကောင် အထည် ဖော်နိုင် မှာလား ဆိုတဲ့ အချက်ပါ။

ဒီကြေ ညာချက် ထဲမှာ ဆီးရီးယား အတိုက်အခံ တွေနဲ့ ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ပြီး ငွေရေး ကြေးရေး အရ အကူ အညီ ပေးဖို့ တိုက်တွန်းချက် လည်း ပါဝင် ပါတယ်။

ဒါ့အပြင် အပစ်အခတ် ရပ်စဲရေး ကို စောင့်ကြည့် ထိမ်းသိမ်း ဖို့ အတွက် ကုလ သမဂ္ဂရဲ့ ဆုံးဖြတ်ချက် နဲ့ ငြိမ်းချမ်းရေး ထိမ်းသိမ်းမယ့် တပ်ဖွဲ့ ကို ချထား ဖို့လည်း တိုက်တွန်း ထားပါတယ်။

ဘယ်လို တပ်ဖွဲ့မျိုး ဆိုတာ ကိုတော့ တိတိကျကျ ဖော်ပြ မထား ပါဘူး။ အာရပ် အဖွဲ့ချုပ် အဖွဲ့ဝင် တွေ ကြားမှာ သဘော မတူညီ မှုတွေ ရှိနေလို့ မဖော်ပြ တာလည်း ဖြစ်နိုင် ပါတယ်။

ဒါပေမယ့် အာရပ် အဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံတွေ ကိုယ်တိုင်က ဆီးရီးယား မှာ အဲဒီလို တပ်ဖွဲ့ ချထားဖို့ ပြော နေတာကို ကြည့်ရင် သမ္မတ အာဆတ် ဟာ ဘယ်လောက် အထီးကျန် ဖြစ်နေ သလဲ ဆိုတာကို မြင်နိုင် ပါတယ်။

ဒီ ကြေညာချက် ထဲမှာ ဆီးရီးယား ပြည်သူ တွေကို ကာကွယ် စောင့်ရှောက် ဖို့ အတွက် ဆီးရီယား အစိုးရ မှာ တာဝန် ရှိတယ်လို့ ဖော်ပြ ထားပြီး အစိုးရ တပ်ဖွဲ့ တွေကို မြို့တွေ ပေါ်က နေ ဆုတ်ခွာ ပေးဖို့ လည်း တောင်းဆို ထားပါတယ်။

ဒါ့အပြင် ဆီးရီးယား အစိုးရ နဲ့ သံတမန် အဆက်အသွယ် တွေဖြတ်ပြီး အရေးယူ ပိတ်ဆို့မှု တွေ တိုးမြှင့် ဆောင်ရွက် ကြဖို့ ကိုပါ တိုက်တွန်း ထားပါတယ်။

မကြာ သေးခင် ကဘဲ အာရပ် အဖွဲ့ချုပ် ရဲ့ အစီအစဉ် နဲ့ ပတ်သက်လို့ လုံခြုံရေး ကောင်စီမှာ မဲခွဲ ခဲ့စဉ်က ရုရှနဲ့ တရုတ် နှစ်နိုင်ငံ က ဗီတို အာဏာနဲ့ ပယ် ချ ခဲ့တဲ့ ကြားမှာဘဲ၊ ဆီးရီးယား နိုင်ငံ အရေးဟာ လုံခြုံရေး ကောင်စီကို နောက်တကြိမ် ရောက်လာ နိုင်တဲ့ အလားအလာ ရှိနေ ပါတယ်။

အဲဒီလို နောက်တကြိမ် ရောက်လာတဲ့ အခါ ကျရင် ရုရှ အနေနဲ့ သူ့ရဲ့ မိတ်ဆွေ ဟောင်း လည်းဖြစ် ကုန်သွယ်ဖက် လည်း ဖြစ်တဲ့ အာဆတ် အစိုးရ ကို သံတမန် လက်နက်နဲ့ ဆက်ပြီး ကာကွယ် နေမှာလား ဆိုတာ နောက်တကြိမ် မေးခွန်း ထုတ်စရာ ဖြစ်လာလိမ့်မယ်လို့ ကိုင်ရို မြို့မှာရှိတဲ့ ဘီဘီစီသတင်းထောက် က ဆိုပါတယ်။