အီးယူက မြန်မာကို ဒေါ်လာသန်း၂၀၀ ကူညီမည်

  • 13 ဖေဖော်ဝါရီ 2012
Andris Piebalgs
Image caption ဥရောပသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မင်းကြီး အွန်ဒရေ ပီးဘော့စ်

မြန်မာနိုင်ငံကို (၃) ရက်ကြာအလည်အပတ် ရောက်ရှိနေတဲ့ ဥရောပသမဂ္ဂ ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ မင်းကြီး အွန်ဒရေ ပီးဘော့စ်ဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တနင်္လာနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ဥရောပသမဂ္ဂ ဖွံ့ ဖြိုးတိုးတက်ရေးဆိုင်ရာ မင်းကြီး အွန်ဒရေ ပီးဘော့စ်က မြန်မာနိုင်ငံအတွက် ငွေကြေး အကူအညီတွေ ပေးသွားမယ်လို့ ကြေငြာ ခဲ့ပါတယ်။

ဒီငွေကြေးအကူအညီဟာ ဒေါ်လာ သန်း ၂၀၀ တန်ဖိုးရှိပြီးတော့ ကျန်းမာရေး၊ပညာရေးနဲ့ အခြေခံအဆောက်အအုံတည်ဆောက်မှုတွေအတွက် ရည်ရွယ်တယ်လို့ သူက ပြောပါတယ်။

လာမယ့်ဧပြီလရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိရင်တော့ မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှုတွေပိုပြီး လျှော့ပေးနိုင်တယ်လို့ သူကဆက်ပြီးပြောကြားသွားပါတယ်။

အီးယူရဲ့ ကန့်သတ်ချက်တွေဆက်ရှိနေသေးလို့ ဒီငွေတွေကို အစိုးရလက်ထဲတိုက်ရိုက်မပေးဘဲ ကုလသမဂ္ဂတို့လို နိုင်ငံတကာအဖွဲ့တွေကနေ ပေးမှာဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုအတွက် ပေးတဲ့ရန်ပုံငွေဟာ လူထုဆီတိုက်ရိုက်ရောက်ဖို့ စိန်ခေါ်မှုဆိုတာအမြဲရှိပြီး အဂတိလိုက်စားမှုတွေဟာ လည်းစိုးရိမ်စရာရှိနေတာတွေကြောင့် မာလင်တို့ အက်ရှင်အိတ် တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတဆင့် ပေးသွားမယ်လို့ သိရတဲ့အကြောင်း ဘီဘီစီ သတင်းထောက် Rachel Harvey က ပြောပါတယ်။