မြန်မာလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ထိုင်းရောက်

  • 13 ဖေဖော်ဝါရီ 2012
Image caption လူ့အခွင့်အရေးကော်မရှင်ဥက္ကဌ ဦးဝင်းမရ

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမရနဲ့ အဖွဲ့ဝင် ဦးညွန့်ဆွေတို့ ဟာ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က ထိုင်းလူ့အခွင့်အရေးဆောင်ရွက်ချက်တွေကို လေ့လာဖို့ အာဆီယံ လူ့အခွင့်အရေးကော်မရှင်မှာ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးဖို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကို လာရောက်ခဲ့ကြပါတယ်။

ထိုင်းလူ့အခွင့်အရေးကော်မရှင်ရဲ့ ဖွဲ့စည်းပုံ လူ့အခွင့်အရေးချိုးဖေါက်မှု တိုင်တန်းစာတွေကို လက်ခံပုံ၊ နဲ့ လုပ်ငန်းကော်မီတီက ဘယ်လိုစစ်ဆေးသလဲဆိုတာတွေကို မေးမြန်းလေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားအရေးတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေရှိနေပြီး လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ ကော်မရှင်အနေနဲ့ အကြံပြုချင်တာကို အကြံပြုတင်ပြပေးနိုင်တယ်လို့ မြန်မာ လူ့အခွင့်အရေးကော်မရှင် ဥက္ကဌက ဘီဘီစီကို ပြောပါတယ်။

၂၀၁၁ခု ဒီဇင်ဘာ ၃၁ ရက်နေ့အထိ မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေးချိုးဖေါက်မှုဆိုင်ရာ တိုင်တန်းစာ တထောင်ကျော် လက်ခံရရှိခဲ့ပြီး အတော်များများဟာ မြေယာသိမ်းယူမှု၊ တရားသူကြီးတချို့ရဲ့မသမာမှု၊ ခရိုင်နဲ့ မြို့နယ်အာဏာပိုင်တချို့ရဲ့ ဖေါက်ပြန်မှုတွေကို တိုင်းတန်းထားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက တိုင်တန်းစာ ၃၀ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ဦးဝင်းမရက ဘိဘီစီကို ပြောခဲ့ပါတယ်။