သံရုံးကားတွေ ဗုံးကွဲမှု အစ္စရေးက အီရန်ကို စွပ်စွဲ

  • 14 ဖေဖော်ဝါရီ 2012
ဓာတ်ပုံ မူပိုင် AP
Image caption ဗုံးကွဲမှုနဲ့ ပတ်သက်လို့ အီရန်ကို စွပ်စွဲတဲ့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu

အိန္ဒိယနဲ့ ဂျော်ဂျီယာ နိုင်ငံတွေမှာ ရှိတဲ့ အစ္စရေး သံရုံးပိုင် ကားတွေကို တချိန်တည်း ဆိုသလို ပစ်မှတ်ထား ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပါတယ်။

ဒေလီမြို့က လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတဲ့ နေရာက ကားဗုံးထောင် ဖောက်ခွဲမှုမှာတော့ အစ္စရေး သံအရာရှိ ၊ သူ့ ကားမောင်းသမားနဲ့ အနီးက ဖြတ်သွားဖြတ်လာ နှစ်ယောက်တို့ သေဆုံး သွားပါတယ်။

အဲဒီကားကို ဗုံးထောင်ခဲ့သူလို့ ယူဆရတဲ့ မော်တော်ဆိုင်ကယ် သမားတယောက်ကို အိန္ဒိယ အာဏာပိုင်တွေက အခုတော့ ရှာဖွေ နေပါတယ်။

နောက်ဖြစ်ရပ် တခု ဖြစ်တဲ့ ဂျော်ဂျီယာ နိုင်ငံ Tbilisi မြို့မှာတော့ အစ္စရေး သံရုံးပိုင်ကားကို ဗုံးထောင် ခဲ့ပေမယ့် ပေါက်ကွဲမှု မဖြစ်ခဲ့ဘူး လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီတိုက်ခိုက် မှုတွေနဲ့ ပတ်သက်လို့ အီရန်နဲ့ လက်ဘနွန်က ဟစ်ဇဘိုလာ အုပ်စုတွေရဲ့ လက်ချက်လို့ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲ ထားပေမယ့် ဒီစွဲဆိုချက်တွေကို အီရန်က ငြင်းပယ် ခဲ့ပါတယ်။